

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ လူသစ် မခေါ်သေးတဲ့ ကလပ် ၂ သင်းထဲက တစ်သင်းဖြစ်ပြီး ဒီအခြေအနေကို အသင်းပရိသတ်တွေ နားလည်ရ ခက်ခဲနေပါတယ်။
နည်းပြသစ် ခေါ်ယူထားသလို ချန်ပီယံလိဂ်လည်း ပြန်လည်ဝင်ခွင့် ရထားချိန်မှာ ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့က အသင်းနဲ့ ၁ နှစ်စာချုပ်ပဲ ရှိထားပါတယ်။ အသင်းဘက်က ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှု မလုပ်ခြင်းဟာ ထရန့်ကို အသင်းမှာ ဆက်ဆွဲထားဖို့ ခက်ခဲစေမယ်လို့ ပရိသတ်တွေဘက်က ဝေဖန်နေပါတယ်။
ဒီလို ဝေဖန်သံတွေ ဆူနေတဲ့ကြားက လီဗာပူးအသင်း ဘာကြောင့် လူသစ် မခေါ်သေးလဲ ဆိုတာအတွက် The Athletic မှ ဖော်ပြလာမှုအား LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြပါမယ်။
နည်းပြအဖွဲ့ကို သင့်လျော်တဲ့ အချိန်ပေးဖို့
လီဗာပူးအသင်း တာဝန်ရှိသူတွေက လေ့ကျင့်ရေးကနေ တိုးတက်မှု ရှာဖွေရေး ကိစ္စတွေအတွက် နည်းပြချုပ် အာနယ် ဆလော့တို့အပေါ် ယုံကြည်မှု အပြည့်ရှိပါတယ်။ အမေရိကန် ရာသီကြို ပြင်ဆင်မှု ခရီးစဉ် မပြီးခင်ထိ အသင်းနဲ့ နည်းပြအာနယ်တို့ ဆက်ဆံရေး တည်ဆောက်မှုမှာ ဘာအနှောက်အယှက်မှ ပေးမှာ မဟုတ်ပါဘူး။
အဲ့ကာလနောက်ပိုင်းမှာ နည်းပြအာနယ် အလိုရှိမယ့် နေရာအတွက် အသင်းတာဝန်ရှိသူတွေ အားဖြည့်ပေးပါမယ်။ သာမာန် ကစားသမား ခေါ်ဖို့လောက်အတွက် လီဗာပူးက ငွေမသုံးချင်ပါဘူး။
ပရော်ဖက်ရှင်နယ်တွေ အလုပ်လုပ်နေချိန် ပြင်ပအသံ နားထောင်စရာ မလို
FSG CEO ဖြစ်တဲ့ မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းကို အားကစားဒါရိုက်တာ အဖြစ် တာဝန်ယူကတည်းက အပြင်ကအသံတွေကို နားထောင်ဖို့ထက် ကလပ်အတွက် သိသာကောင်းမွန်တဲ့ ဖြည့်တင်းမှုကို မှန်ကန်စွာ လုပ်နိုင်ဖို့က ပိုအရေးကြီးကြောင်း အမြင်ရှိသူပါ။
စျေးကွက်တွင်းမှာ လူခေါ်ယူရေးဟာ လောနေဖို့ မလိုလှဘဲ အသင်းမှာလည်း အလားအလာကောင်းရှိတဲ့ ကြယ်ပွင့်တွေ များတာမို့ ရာသီသစ်အတွက် နေရာပေးရမယ့် သူတွေကို ရွေးထုတ်ဖို့က အရေးကြီးတယ်လို့ မြင်ပါတယ်။
လူမေးများတဲ့ မေးခွန်းတစ်ခုက လီဗာပူးရဲ့ ဘဏ္ဍာရေး အခြေအနေ (မွဲနေသလား ဘာလား) နဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းအောက်မှာ ရှင်သန်နေရဲ့လား ဆိုတာပါပဲ။
အဲ့အတွက် The Athletic က ဖော်ပြရာမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းအောက်မှာ အကောင်းဆုံး သွားနေဆဲဖြစ်သလို ချန်ပီယံလိဂ် ၁ ရာသီ မဝင်တဲ့ အခြေအနေကိုလည်း အကောင်းဆုံး ကျော်ဖြတ်ပြထားပြီးပါပြီ။
လာမယ့်ရာသီအတွက် ဘယ်ကစားသမားတွေကို ခေါ်နိုင်မလဲ? သူတို့အတွက် ဘယ်လောက်ပေးရမလဲ? ဆိုတာတွေကို လီဗာပူးဘက်က နောက်ကွယ်မှာ စုံစမ်းနေပြီး အခွင့်အလမ်း ပေါ်လာရင် ငွေထုတ်သုံးပါလိမ့်မယ်။