လီဗာပူးမှာ သီယေဂို လူငယ် ဗာရှင်း ရှိနေတာမို့ ကွင်းလယ်ထက် အခြားနေရာ လူသစ်ခေါ်ဖို့ ကလော့ပ်ကို တိုက်တွန်းခြင်း

နည်းပြ ကလော့ပ် အနေနဲ့ ထရန့်ကို ကွင်းလယ်မှာ အမြဲတမ်း ထားကစားဖို့ စဉ်းစားသင့်တဲ့အကြောင်း ကလပ်တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်က ဆွေးနွေးလာခဲ့ပါတယ်။

လက်တလောမှာ ထရန့်ဟာ ညာအစွန်နဲ့ ကွင်းလယ် နံပါတ် ၆ တစ်နေရာကို ပူးတွဲ ကစားနေတာဖြစ်ပြီး အသင်းဟာ ခံစစ် ၃ ယောက်တန်း ပုံစံကို ပြောင်းလဲနေတာပါ။ ရေရှည်မှာ ၄-၃-၃ ကစားကွက်ကိုပဲ ကျင့်သုံးလိုတယ်ဆိုရင် ထရန့်ကို အမြဲတမ်း ကွင်းလယ်လူအဖြစ် သုံးပြီး သူ့နေရာ အစွန်လူသစ် တစ်ဦး ခေါ်ယူဖို့က လူပြောများနေတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဂျွန်အဲဒရစ်ကတော့ ” ကျွန်တော်တို့က ဟိတ်ဟန်ကြီးနဲ့ မကစားနိုင်ပါဘူး။ ခံစစ်ပိုင်းမှာ ပိုပြီး ခုခံကာကွယ်မှုတွေ လုပ်နေရပါတယ်။ ဒါပေမယ့် ဒီရာသီ အစောပိုင်းတုန်းကဆိုရင် ခံစစ်က ပိုလို့တောင် အခြေအနေဆိုးသွားနိုင်ခဲ့တာပါ။ အခု ထရန့်က ကွင်းလယ်ကို ဝင်ကစားနေပြီး အသင်းက ယုံကြည်မှုပိုရှိလာနေပါတယ်။

ကွင်းလယ်က ထရန့်ရဲ့ နေရာအသစ်ဖြစ်သလို အနာဂတ်မှာ ကွင်းလယ်နေရာကနေ သူပါဝင်ကစားရနိုင်ချေ ရှိနေပါပြီ။ လီဗာပူးအနေနဲ့ တကယ်ကောင်းတဲ့ ညာနောက်ခံလူ တစ်ယောက်ကို ရှာထားရတော့မှာပါ။ အဲ့ဒါက အသင်းကို ပိုက်ဆံ ကုန်ကျမှု အများကြီး သက်သာသွားစေမှာပဲ။

ထရန့် လုပ်နေတာတွေ၊ သူ့ရဲ့ အမြင်တွေကို ကြည့်မယ်ဆိုရင် သူက သီယေဂို လုပ်တာတွေကို လုပ်နိုင်တယ်။ သီယေဂို လူငယ်ဗားရှင်းလိုပဲ။ ဒါပေမယ့် သူက ပိုလျင်မြန်၊ ပိုအားသန်ပြီး ခံစစ်ပိုကောင်းကောင်း ဆော့နိုင်တဲ့သူပါ။ ထရန့်ကို ကွင်းလယ်ပို့ပြီး ညာနောက်ခံလူ တစ်ဦးဝယ်လိုက်ရင် ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ရလိုက်သလိုပါပဲ။

ထရန့်ကို ကွင်းလယ်ပို့ပြီး သူ့နေရာအတွက် အစွန်လူတစ်ဦး ခေါ်ယူလိုက်တဲ့ စိတ်ကူးက အဓိပ္ပါယ်ရှိပါတယ်။ လွန်ခဲ့တဲ့ လတွေတုန်းက ထရန့်ဟာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ သူဘောလုံးရရင် လိုက်လုမယ့် ပြိုင်ဘက်က ၄ ယောက်လောက် ရှိနေတယ်။ သူကောင်းကောင်း မကစားတော့လည်း အပြောအဆို ခံရပါတယ်။

အခုတော့ ထရန့်ရဲ့ ကိန်းဂဏန်းတွေက သိပ်ကောင်းနေပါတယ်။ နောက်ဆုံးလ အနည်းငယ်အတွင်း သူက အခက်အခဲတွေကို အံတုရင်ဆိုင်ခဲ့ရပေမယ့် အခုတော့ သူ ပျော်ပျော်ရွှင်ရွှင် ကစားနေပါပြီ။ ကလပ်အတွက် သူလုပ်ပေးခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။