NEWS: စာချုပ်ကုန်တော့မယ့် မိုဆာလာ၊ ဗန်ဒိုက်တို့နဲ့ ပတ်သက်လို့ လီဗာပူးရဲ့ သဘောထား ထွက်ပေါ်

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့နဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့ကာ သူတို့အပေါ် အသင်းရဲ့ သဘောထားတွေ ထွက်ပေါ်လာနေပါပြီ။

The Telegraph ရဲ့ ဖော်ပြချက်မှာ လက်ရှိ လီဗာပူးအသင်း အားကစား ဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ ဦးစားပေးဟာ အာနယ် ဆလော့ရဲ့ အဖွင့် ဘောလုံးရာသီမှာ ထိပ်တန်း ကစားသမား ၃ ဦးကို စာချုပ်သစ် ပေးမလား မပေးဘူးလား ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။

သူတို့ ၃ ဦးထဲမှာ ထရန့်ရဲ့ အခြေအနေက စိတ်ရှုပ်ထွေးဖို့ အကောင်းဆုံးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ စာချုပ် အခြေအနေကို ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်နေပါတယ်။

ကမ္ဘာ့အဆင့် ကစားသမားဖြစ်ခြင်း homegrown ကစားသမားဖြစ်ခြင်း အသက်အရွယ်ပိုင်းတွေကြောင့် အသင်းဟာ ထရန့်ကို သက်တမ်းတိုးနိုင်ဖို့ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။

အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်နဲ့ အသက် ၃၂ နှစ်အရွယ် ဆာလာတို့နဲ့ ပတ်သက်လို့တော့ လီဗာပူးအသင်းဟာ နောက်ဆုံး အကြိမ်တွေတုန်းကလို သူတို့ကို စံချိန်တင် စာချုပ်ကြီးတွေ ပေးဖို့ထက် ကာလတို စာချုပ်ပဲ ပေးလိုပါတယ်။

လီဗာပူးအသင်းဟာ FSG လက်ထက်မှာ အသက် ၃၀ အထက် ကစားသမားတွေကို ရင်းနှီးမြုပ်နှံမှုကြီး ထပ်မလုပ်ဖို့ ပေါ်လစီမျိုး ရှိထားတဲ့ အသင်းဖြစ်ပါတယ်။

၂၀၂၅ မှာ လီဗာပူးကနေ အလွတ်နဲ့ ထွက်တော့မယ့် ဆာလာ၊ ဗန်ဒိုက်တို့ကို ဒီနွေမှာ ဆော်ဒီကလပ်တွေဘက်က ဝင်ရောက် ကမ်းလှမ်းမလားကို ဒီအခြေအနေမှာ မသိရသေးပါဘူး။ အသင်းဘက်က သူတို့ကို စာချုပ်အတိုင်း ၁ ရာသီ ဆက်ထိန်းပြီး ရာသီကုန်ရင် ဂန္တဝင်တွေကို ဂုဏ်ပြုပွဲလုပ်ပြီး နှုတ်ဆက်တာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ မြင်ထားပါတယ်။

ဆာလာနဲ့ ဗန်ဒိုက်တို့ကို ကာလတို ဆက်ထိန်းထားကာ လာမယ့် စျေးကွက်တွေမှာ သူတို့နေရာ ရေရှည် အစားထိုးရေးက လီဗာပူးရဲ့ ဦးစားပေးဖြစ်ပါတယ်။ စာချုပ်သစ် ချုပ်ခဲ့ရင်တောင် ၁ နှစ် ဒါမှမဟုတ် ၂ နှစ် သက်တမ်းတိုးမှုပဲ ဖြစ်လာပါမယ်။

ဒီနွေအတွက်တော့ အာနယ် ဆလော့က ကွင်းလယ် နံပါတ် ၆ သမားတစ်ဦး တောင်းဆိုထားတာမို့ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ကို လီဗာပူးအသင်းက ဦးစားပေးသွားမှာ ဖြစ်ပါတယ်။