

လီဗာပူးအသင်းဟာ အသင်းသား ၂၈ ဦးပါ လူစာရင်းနဲ့အတူ ရာသီကြို ပြင်ဆင်ဖို့ အမေရိကန်ကို ရောက်နေကာ အဲ့မှာပဲ စီနီယာအသင်းသား ၄ ဦးကလည်း အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
အမေရိကန်မှာ ဘက်တစ်၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ခြေစမ်းမယ့် လီဗာပူးဟာ အင်္ဂလန်ကို ပြန်ရောက်ရင် ရာသီကြိုမှာ အတူပူးပေါင်းထားတဲ့ အချို့သော လူငယ်တွေကို ယာယီ ထွက်ခွာခွင့်တွေ ပေးတော့မှာဖြစ်ပါတယ်။
ဘယ်အစွန်လူ လုခ်ချမ်ဘာဟာ ကယ်ဗင်ရမ်ဆေးရှိနေတဲ့ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းကို အငှားထွက်မှာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ခံစစ်သမားကို ချန်ပီယံရှစ်ကလပ်တွေ ချိတ်ဆက်ပေမယ့် ပွဲကစားခွင့် သေချာတဲ့ ဝီဂန်ကို သွားဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒဏ်ရာကြောင့် အင်္ဂလန်မှာ ကျန်ခဲ့တဲ့ ဂျေဒန်ဒန့်စ့်ကို ချန်ပီယံရှစ်ကလပ် Plymouth Argyle အသင်းက အငှားခေါ်ယူဖို့ စိတ်ဝင်စားနေကာ လီဗာပူးအသင်းနဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။
ကြံ့ခိုင်မှု ပြဿနာကြောင့် ရာသီကြိုလူစာရင်းမှာ မပါခဲ့တဲ့ ဘော်ဘီကလပ်ကတော့ အငှားထွက်တော့မှာ မဟုတ်ဘဲ လာမယ့်ရာသီ လီဗာပူးစီနီယာအသင်း လူစာရင်းထဲ ပါဝင်သွားပါမယ်။
ကိတ်ဂေါ်ဒန်နဲ့ ဗန်ဒုတ်လို တောင်ပံ တိုက်စစ်သမား ၂ ဦးထဲက တစ်ဦးကတော့ ဒီနွေမှာ အငှားထွက်ရမှာဖြစ်ပါတယ်။ ဘယ်သူ့ကို အငှားချမယ် မသိရသေးပါဘူး။
မနှစ်ကရာသီ အငှားချခဲ့တဲ့ ဗန်ဒန်ဘတ်၊ မော်တန်၊ ကာဗာရိုတို့ရဲ့ အနာဂတ်ကတော့ တူညီတော့မှာ မဟုတ်ပါဘူး။ ဗန်ဒန်ဘတ်ကို ရောင်းထုတ်ဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားပြီး မော်တန်၊ ကာဗာရိုတို့အတွက် အပြီးသတ် စာချုပ်ရရင် စဉ်းစားပေးမှာ ဖြစ်ပေမယ့် လာမယ့်ရာသီ အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ လျာထားခံရပါတယ်။
ကွင်းလယ်လူ မက်ကော်နယ်၊ ဂိုးသမား ဟာဗေးဒေးဗစ်နဲ့ ပီတာလူးဂါ၊ ဘယ်အစွန်လူ အိုင်ဘက်တို့ နောက်ထပ် တစ်ရာသီ အငှားချခံရဖွယ်ရှိပြီး မနှစ်က ဩစတြီးယား ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာရိုစ့်က အသင်းရဲ့ တတိယဂိုးသမားအဖြစ် ကျန်ရစ်မှာဖြစ်ပါတယ်။