အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဘက်တစ်နဲ့ခြေစမ်းပွဲ မတိုင်ခင် သတင်းပေးလာတဲ့ အာနယ် ဆလော့

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် အကောင်းဆုံး အားထုတ်နေရာမှာ လူသစ်တွေကနေပဲ အပြောင်းအလဲမြင်ရဖို့ မျှော်လင့်နေတာမျိုး မဟုတ်ပါဘူး။

လက်ရှိ ကစားသမားတွေနဲ့ အသွင်ပြောင်းကာလကို အကောင်းဆုံး ကျော်ဖြတ်နေသလို မှန်ကန်တဲ့ ကစားသမားကို စျေးကွက်ကနေ ခေါ်နိုင်ဖို့လည်း စောင့်ဆိုင်းနေတယ်လို့ အာနယ်က ပြောပါတယ်။

ဒီနွေမှာ လူသစ်တော့ ခေါ်မှာဖြစ်ပြီး ဒီအပိုင်းမှာ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က အတော်လေး ကြိုးစားနေကြောင်းကို နည်းပြအာနယ် ဆလော့က အခုလို ပြောပြလာပါတယ်..

“ သိပ်ကောင်းတဲ့အသင်းကို ဆက်ခံရပြီဆိုရင် လက်ရှိ ကစားသမားတွေနဲ့ အဆင့်တူ ဒါမှမဟုတ် ပိုကောင်းတဲ့သူကို ရှာဖွေဖို့က လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ နောက်ပြီး အဲ့လို ကစားသမားကို ခေါ်ခွင့်ရမယ့် အခြေအနေမျိုး ရှိနေဖို့ကလည်း ခက်ခဲပါတယ်။

ရစ်ချက်ဟုချ်က လူသစ်ကိစ္စတွေမှာ ကျနော်ထက် အများကြီး အားထုတ် ကြိုးစားနေပါတယ်။ အခြေအနေတွေကို နေ့တိုင်း ကျနော်ကို သတင်းပို့ပေးနေတယ်။ သတင်းထူး ရလာရင် ကျနော်ကလည်း ခင်ဗျားတို့ကို ပြန်ပြောပြပါမယ်။

အသင်းကောင်းရှိထားတာကို ပျော်ပေမယ့် ဒီနွေမှာ အသင်းက လူသစ် ခေါ်ယူနိုင်တာမျိုး မရှိလာခဲ့ရင် ကျနော်လည်း အံ့ဩမိမှာပါ။

စျေးကွက်မပိတ်ခင် လူသစ်ရပါလိမ့်မယ်။ ဒါပေမယ့် မှန်ကန်တဲ့ ကစားသမားကို ခေါ်ယူတာမျိုးဖြစ်ဖို့နဲ့ အနားယူနေတဲ့ အသင်းသားတွေ ပြန်ပူးပေါင်းလာကြဖို့ကိုတော့ ကျနော်တို့ စောင့်ရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

နည်းပြအာနယ် ဆလော့က ရာသီကြို ပြင်ဆင်မှုမှာ စီနီယာအားလုံး မပါနိုင်သေးတာက တပန်းရှုံးစေတယ်လို့ ဝန်ခံခဲ့ပေမယ့် အကောင်းဆုံး ပြင်ဆင်သွားဖို့ ကြိုးစားနေကြောင်း အသိပေးခဲ့သေးတာ ဖြစ်ပါတယ်။