အမေရိကန်ရာသီကြိုမှာ စောင့်ကြည့်ရမယ့် လီဗာပူး ကြယ်ပွင့် ကစားသမားလေး (၅) ဦး

လီဗာပူးအသင်းဟာ မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၆ နာရီမှာ လာလီဂါကလပ် ဘက်တစ်နဲ့ ခြေစမ်းပွဲ စတင် ယှဉ်ပြိုင်ပါမယ်။

ဘက်တစ်၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေအတွင်း မာကာ၊ ထရန့်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဒါဝင်၊ ဒီယက်ဇ်၊ ဂက်ပိုတို့ ပါဝင်လာဖွယ် မရှိလို့ လူငယ်တွေ နေရာရတာမျိုး ဖြစ်လာနိုင်ပါတယ်။

အလားအလာရှိတဲ့ လူငယ်တွေထဲက နည်းပြ အာနယ် ဆလော့ ပွဲထုတ်နိုင်တဲ့ ကြယ်ပွင့် အချို့ရဲ့ နာမည်တွေကို ဖော်ပြသွားပါမယ်။

Bajcetic – အသက် ၁၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ အရောင်းစာရင်းထဲ ဘယ်တုန်းကမှ မပါခဲ့ဘဲ ဒီရာသီမှာ စီနီယာအသင်းနဲ့အတူ ဆက်ရှိနေမယ့်သူပါ။ နံပါတ် ၆ သမားထက် နံပါတ် ၈ သမား ပိုဆန်သူလို့ သိထားရပြီး သူ့နေရာမှာ မာကာ၊ ဂျုံး၊ ဟာဗေး၊ ဆိုဘိုတို့ရှိနေလို့ ပွဲကစားခွင့်အတွက် အတော်လေး လုပ်ပြနိုင်ဖို့ လိုပါလိမ့်မယ်။

Doak – မနှစ်က အတော်လေး မျှော်လင့်ခံခဲ့ရတဲ့ စကော့သားလေးဟာ ရာသီဝက်ကြာ အနားယူရတဲ့ ဒဏ်ရာ ပြဿနာကြောင့် တိုးတက်မှု နှေးကွေးခဲ့ပါတယ်။ ဒီရာသီကြို ခြေစွမ်းပြနိုင်ခဲ့ရင် စီနီယာအသင်းမှာ ပွဲကစားခွင့်တွေ မျှော်လင့်လို့ ရနိုင်ပါတယ်။

Lewis Koumas – အသက် ၁၈ နှစ်အရွယ် ဝေးလ်တောင်ပံသမားဟာ လီဗာပူးရဲ့ အကောင်းဆုံး ထုတ်ကုန်တွေထဲ ပါဝင်သူပါ။ ဒါဝင်၊ ဒီယက်ဇ်၊ ဂက်ပိုတို့လို ဘယ်တောင်ပံသမားတွေ မရှိတဲ့ အမေရိကန် ရာသီကြိုမှာ အခွင့်အရေး ရလာနိုင်သလို ဒီရာသီ လီဗာပူးအသင်းမှာ ဆက်ရှိနေမယ် မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။

Trey Nyoni – ကလော့ပ် လက်ထက်မှာ စီနီယာပွဲကစားချိန် ရခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူဟာ အကယ်ဒမီရဲ့ နာမည်အကြီးဆုံး လူသစ် စုဆောင်းမှုထဲ ပါဝင်ခဲ့သူ တစ်ဦးပါ။ သူ့အပေါ် များစွာသော မျှော်လင့်ချက်တွေနဲ့ ရင်းနှီးမြုပ်နှံထားပြီး ဟာဗေးလမ်းစဉ်အတိုင်း စီနီယာအဆင့်ကို ရောက်လာမယ် မျှော်လင့်ခံထားရပါတယ်။

Amaro Nallo – ဝက်စ်ဟမ်းကနေ ပြောင်းလာခဲ့တဲ့ ခံစစ်မှူး နယ်လိုဟာ ကွမ်းဆက်နောက်ပိုင်း အကယ်ဒမီရဲ့ အလားအလာ အကောင်းဆုံး ခံစစ်သမားလို့ နာမည်ရနေပါတယ်။ အရပ်အမောင်းကောင်းသလို ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ဘောလုံးကိုင်နိုင်စွမ်းမှာ တည်ငြိမ်မှုရှိပါတယ်။