လီဗာပူးအသင်းဟာ အမေရိကန် ရာသီကြိုမှာ ပထမဆုံး ခြေစမ်းပွဲအဖြစ် လာလီဂါကလပ် ဘက်တစ်နဲ့ ယှဉ်ပြိုင်ကစားကာ ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ စိတ်ဝင်စားစရာက တိုက်စစ်မှူးနေရာ ဖျောက်ကစားခဲ့ပြီး ဟာဗေးနဲ့ ဆိုဘိုတို့က false 9 ဆန်ဆန်တွေ ကစားခဲ့တာပါ။ ဂျိုတာ၊ ဒါဝင်၊ ဂက်ပိုတို့လို တိုက်စစ်သမားတွေ ရှိနေတာကြောင့် အသင်းဟာ ဒီကစားကွက်ကို ရေရှည် မသုံးနိုင်ဘူးလို့ မြင်မိပါတယ်။
ဒီပွဲမှာ ဆလော့က ကစားသမား ၂၃ ဦးထိ သုံးခဲ့ပြီး လူငယ်ကြယ်ပွင့် အချို့ကိုလည်း နေရာပေးခဲ့ပါတယ်။
ဆလော့ရဲ့ ကစားကွက် တည်ဆောက်ပုံ
ဘက်တစ်နဲ့ပွဲမှာ နည်းပြအာနယ် ဆလာ့ရဲ့ ကစားကွက် အခင်းအကျင်းကို အသင်းပရိသတ်တွေ ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ထရန့်၊ ဗန်ဒိုက်၊ မာကာနဲ့ တိုက်စစ်သမား အများစု မပါသေးတာမို့ ဒီအခင်းအကျင်းကို တစ်ရာသီလုံး ထုတ်သုံးလာမယ် အာမခံချက် မရှိပါဘူး။
တိုက်စစ်က ဂျိုတာ၊ ဒါဝင်၊ ဂက်ပို၊ ဒီယက်ဇ်တို့ မပါနိုင်ချိန်မှာ နည်းပြအာနယ်က ၄-၂-၄ ပုံစံကို ခင်းကျင်းခဲ့ပြီး ဆိုဘိုနဲ့ ဟာဗေးတို့ နှစ်ဦးက ကွင်းအပေါ်ထိ တက်ကစားခဲ့ကာ false 9 ပုံစံ တစ်ဦးအတွင်းဝင် တစ်ဦးအောက်ဆင်း ပုံစံ ချိန်းကစားခဲ့ပါတယ်။
ဆာလာနဲ့ ကာဗာရိုတို့ကတော့ တောင်ပံနေရာတွေက ပွဲထွက်ပါတယ်။ ဧရိယာထဲလည်း ဝင်ကစားပါတယ်။ ကွင်းလယ်မှာတော့ double pivot ပုံစံအဖြစ် အန်ဒိုနဲ့ ကာတစ်ဂျုံးတို့ကို တွဲသုံးထားပါတယ်။
ခံစစ်ပိုင်း ဖွဲ့စည်းပုံက သိပ်ပြီး အလုပ်မရှုပ်လှဘဲ ကျစ်ကျစ်လစ်လစ်ရှိပါတယ်။ ကိုစတက် တိုက်စစ်လိုက်လာချိန် ကာဗာရိုက အတွင်းထဲ ဝင်ကစားတာမျိုး မြင်ခဲ့ရပါတယ်။ ဒီပွဲမှာ ဆိုဘိုစလိုင် တိုက်စစ်ကို အကောင်းဆုံး လိုက်ပါနိုင်ပြီး အတွင်းလူနေရာက နိုင်ယွန်နီ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဆလော့ နံပါတ် ၆ လိုချင်နေတာ သိသာခဲ့ခြင်း
လီဗာပူးအသင်း ကစားကွက် တည်ဆောက်မှုတွေမှာ ခံစစ်ကနေ ဘောလုံးထွက်လာရေး နံပါတ် ၆ သမားနေရာတွေကနေ အတွင်းထဲ ဆင်းကစားကြတဲ့ အန်ဒိုနဲ့ ကာတစ်ဂျုံးတို့ကို အတော်လေး အားကိုးခဲ့ပါတယ်။
ကာတစ်ဂျုံးက အဆင်ပြေပေမယ့် အန်ဒို အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဘက်တစ် ခြေစွမ်းအရဆိုရင် အန်ဒိုဟာ အရန်ခုံမှာပဲ ရှိနေဖို့ သေချာပါတယ်။ ဘောလုံးတွေကို မကြာခဏ ဆုံးရှုံးပြီး ပေးပို့မှုတွေလည်း မသေသပ်လှပါဘူး။ မာကာနဲ့ ကာတစ်ဂျုံးအတွဲဆိုရင် ပိုလုပ်ပြနိုင်ဖွယ် ရှိပါတယ်။
ဘယ်လူငယ်အတွက် အခွင့်အရေးရစေမလဲ
အမေရိကန် ရာသီကြိုဟာ ကာဗာရို၊ နိုင်ယွန်နီ၊ ဘရတ်ဒလေတို့အတွက် ရွှေရောင်အခွင့်အရေး ဖြစ်ပါတယ်။ ဘယ်တောင်ပံ၊ ကွင်းလယ်နဲ့ ညာခြမ်းတွေမှာ အဓိက ကစာသမားတွေ မရှိတာမို့ သူတို့ ခြေစွမ်းပြနိုင်ရင် လာမယ့်ရာသီ အသင်းပလန်ထဲ ပါဝင်မှာပါ။
အခုချိန်ထိ ကာဗာရိုထံက အားရစရာ မမြင်ရပေမယ့် ကွင်းလယ်မှာ နိုင်ယွန်နီ တော်တော်လေး ခြေစွာပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူဟာ သွေးအေးပြီး နေရာလွတ်တွေကို ရှာဖွေကာ မှန်ကန်တဲ့ ဘောလုံးတွေ ပေးနိုင်စွမ်း ရှိပါတယ်။