လီဗာပူး အကယ်ဒမီကို ပြောင်းလာကတည်းက လူငယ်တန်းမှာ နာမည်ကြီးနေတဲ့ ကွင်းလယ်လူ နိုင်ယွန်နီက သူ့ရဲ့ အလားအလာကို အာနယ် ဆလော့ လက်ထက်မှာ ပြသခွင့်ရနေပါတယ်။
နိုင်ယွန်နီရဲ့ နာမည်ကို လီဗာပူးပရိသတ်တွေ သိထားကြတာ ကာလတစ်ခု ရှိခဲ့ပြီဖြစ်ကာ မနှစ်ကရာသီ အက်ဖ်အေဖလားနဲ့ အချို့ပွဲမှာ အရန်လူစာရင်းအတွင်း ထည့်သွင်းခံခဲ့ရကာ ပွဲကစားချိန် မိနစ် အနည်းငယ်လည်း ရထားသူဖြစ်ပါတယ်။
ဘက်တစ်နဲ့ပွဲမှာ ၁၇ နှစ်သားလေးဟာ ကာတစ်ဂျုံးနေရာ လူစားဝင်လာပြီး ခြေစွမ်းပြခဲ့ပေမယ့် နည်းပြအာနယ်က မိနစ် ၄၀ ပဲ ပေးကစားခဲ့ပါတယ်။
အာနယ် ဆလော့ဟာ နိုင်ယွန်နီကို အတော်လေး သဘောကျနေကာ ကစားသမား တိုးတက်လာရေးအတွက် စီမံသင့်တာတွေ စဉ်းစား လုပ်ဆောင်ပေးနေတယ်လို့ သိရတယ်။ ရာသီကြိုအတွင်း အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ နိုင်ယွန်နီအား ပါဝင်ခွင့် မပေးသလို၊ လေ့ကျင့်ရေးတွေမှာလည်း ခပ်စောစော အနားပေးလေ့ရှိတယ်လို့ သိရပါတယ်။
ဆယ်ကျော်သက်လေးကို စီနီယာအဆင့် လေ့ကျင့်ရေးနဲ့ ဝန်မပိစေဘဲ လူငယ်တစ်ယောက် တိုးတက်လာရမယ့် ပုံစံအတိုင်းပဲ ပေါ့ပေါ့ပါးပါး သန်မာလာစေဖို့ အခုလို စီစဉ်ပေးနေတာလို့ သိရပါတယ်။
ဘက်တစ်ပွဲက နိုင်ယွန်နီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး အာနယ်က ” သူ့လို လူငယ်လေးက ကွင်းထဲဝင်လာပြီး ကစားကွက်ကို အရှိန်တင်ပေးသွားတယ်ဗျာ။ ခဏခဏပဲ လိုင်းတွေကို ကျော်ပြီး အသင်းဖော်တွေထံ ရောက်အောင်လည်း ဘောလုံးပေးနိုင်ခဲ့တယ်။ နံပါတ် ၆ သမားတွေဟာ နိုင်ယွန်နီလို အရည်အချင်းမျိုး ဖြစ်နေရမှာပါ ” ဆိုကာ ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။
လီဗာပူးနည်းပြအဖွဲ့က အရပ်အမောင်းပိုင်းကအစ နိုင်ယွန်နီရဲ့ ရုပ်ပိုင်းဆို်င်ရာ ဆက်လက် တိုးတက်လာဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။