ဘောလုံးရာသီ မသိမ်းခင် လီဗာပူးအသင်းက ကစားသမားတွေနဲ့ အပြောင်းအရွှေ့ ကိစ္စ စကားပြောနေခြင်း အကြောင်းရင်း

ဘောလုံးရာသီတောင် မကုန်သေးခင်မှာ လီဗာပူးအသင်းက ကစားသမားတွေကို အပြောင်းအရွှေ့ ကိစ္စ လိုက်ပြောနေတာဟာ ပရိသတ်တွေကြားမှာတော့ အမြင်အမျိုးမျိုး ကွဲလွဲနေပါတယ်။

တချို့ကတော့ မီဒီယာတွေရဲ့ ဂျင်းသတင်းတွေအဖြစ် မြင်ကြတယ်၊ တချို့ကတော့ အသင်းဟာ တချိန်လုံး ကစားသမားတွေ လို်က်ချိတ်နေပြီး အဆုံးမှာတော့ စျေးပေါတာပဲ ခေါ်ယူမယ်လို့ မြင်ပါတယ်။ တချို့ကတော့ လီဗာပူးက အပြောင်းအရွှေ့ ကိစ္စတွေ ခပ်မြန်မြန် လုပ်လိုတာကြောင့် အာသာလို ဖြစ်ရပ် ထပ်မပေါ်ဖို့ ကြိုတင် ချိတ်ဆက်တာလို့ မြင်ပါတယ်။

သန်းပေါင်းများစွာ တန်ကြေးရှိသလို ကလပ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ဖြစ်စေမယ့် လူသစ် ခေါ်ယူမှု ကိစ္စတွေကို လီဗာပူးအသင်း ခပ်စောစော စတင်နေခြင်းက အကြောင်းရင်း ၂ ချက်ရှိပါတယ်။

တချက်ကတော့ လာမယ့်ရာသီအတွက် ရာသီကြို လေ့ကျင့်မှု မတိုင်ခင် ကစားသမားသစ်တွေကို အပြီးသတ် ခေါ်ယူလိုတာပါ။ ဒုတိယအချက်ကတော့ အသင်းက ချန်ပီယံလိဂ် မဝင်ရင်တောင်မှ အသင်းလူစာရင်းထဲ ပါဝင်ဖို့ရာ စိတ်ဆန္ဒ ပြင်းပြသူတွေကို လိုချင်တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကလော့ပ်က ပြောရာမှာ “ ဒီအခြေအနေမှာ ကစားသမား တစ်ယောက်ကို အပြောင်းအရွှေ့ အကြောင်း စကားပြောရင် သူဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ကစားရဖို့ မသေချာဘူးဆိုတာ သိထားပြီး ဖြစ်ပါတယ်။ ဒီတော့ သူ့ကို စကားပြောတာက သူဟာ ကျနော်တို့ရဲ့ အခြေအနေကို နားလည်ထားပြီး ဖြစ်ပါတယ်။

တကယ်တမ်းမှာ ကျနော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆုဖလားတွေအတွက် တိုက်ခိုက်ရမယ့် သူတွေပါ။ ကျနော်တို့အတွက် ပါဝင်ပေးလိုသူတွေကို အမြဲတမ်း ကြိုဆိုမှာပါ။ လီဗာပူးအသင်းက ဒီရာသီမှာ အဆင့် ၄ အတွင်း ရာသီသိမ်းဖို့ မသေချာဘူးဆိုတာ သူတို့ နားလည်ထားရပါမယ် ” လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ အသင်းက ချန်ပီယံလိဂ် မဝင်ရင်တောင် လီဗာပူးအတွက် ကစားပေးဖို့ ဆန္ဒရှိသူတွေကို ခေါ်ယူလိုပါတယ်။ ချန်ပီယံလိဂ် မဝင်လို့ လီဗာပူးကို ငြင်းမယ်ဆိုတဲ့ ကစားသမားတွေအတွက် အသင်းက အချိန်ကုန် မခံချင်ပါဘူး။

ကလော့ပ်ကပဲ “ ဒီကလပ်က သိပ်ကို ကောင်းတဲ့ ကလပ်ပါ၊ သိပ်ကောင်းတဲ့ ဘောလုံးလည် ကစားနေပါတယ်။ လာမယ့်ရာသီမှာ ပိုကောင်းတဲ့ ဘောလုံးကို ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က လီဗာပူးအသင်း ဖြစ်နေဆဲပါ။ ဒီအသင်းကို ပြောင်းလာလိုတဲ့ ကစားသမားတွေ ရှိနေဆဲပါ။ ဒါကို မေ့ထားဖို့ မသင့်ပါဘူး ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။