တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ အမေရိကန်ရဲ့ နောက်ထပ် ဒေသတစ်ခုဖြစ်တဲ့ Philadelphia ကို ခရီးထွက်ပြီး ဒီကနေ့မှာ ကွင်းဖွင့်လေ့ကျင့်ရေး ပြုလုပ်ခဲ့ပါတယ်။
သောကြာနေ့က ဘက်တစ်ကို ၁-၀ နဲ့ အနိုင်ရအပြီး ပြန်စတဲ့ ကွင်းဖွင့်လေ့ကျင့်ရေးပွဲမှာ အသင်းပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီပြင်ဆင်မှုတွေ ဘယ်လောက် တိုးတက်လာသလဲ ကြားရက် အာဆင်နယ်ပွဲမှာ မြင်ရမှာဖြစ်ပါတယ်။
ကွင်းဖွင့်လေ့ကျင့်ရေးမှ ထူးထူးခြားခြား ကိစ္စ ၆ ခုလောက်ကို LFCThaDin ဖတ်ရှုသူတွေအား မျှဝေသွားပါမယ်။
ဆလော့ တိုက်ရိုက် ကွပ်ကဲမှု
နည်းပြဆလော့ဟာ နည်းပြအဖွဲ့အပြင် သူကိုယ်တိုင်က တိုက်ရိုက် ကွပ်ကဲတဲ့ နည်းပြမျိုးပါ။ နောက်ဆုံး လေ့ကျင့်ရေးမှာဆိုရင် ကစားသမားတွေ ဘောလုံးကစားရမယ့် ပုံစံကို ကိုယ်တိုင် ဝင်ရောက်နေရာချ ရှင်းပြနေတာမျိုး မြင်ခဲ့ရပါတယ်။
ဟာဗေးကတော့ ဆလော့ရဲ့ လမ်းညွှန်မှုနဲ့ ဒတ်ချ်ကစားဟန်ဟာ သိပ်ကိုလက်ရာမြောက်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး ကစားသမားတွေက လေ့ကျင့်ရေးက တိုးတက်မှုတွေကို ကွင်းထဲမှာ သက်သေပြဖို့ မစောင့်နိုင်အောင်ပဲလို့ ပြောပါတယ်။
ကာဗာရိုနဲ့ အနီးကပ် ကြိုးစားနေ
နည်းပြဆလော့ဟာ ဗန်ဒန်ဘတ်နဲ့ ကာဗာရိုတို့လို မနှစ်က အငှားထွက်ခဲ့တဲ့ ကြယ်ပွင့်တွေအား ကိုင်တွယ်နေပြီး သူတို့ကို နေရာချဖို့ ကြိုးစားနေပါတယ်။ ကာဗာရိုကို သူ့စိတ်ကြိုက် နံပါတ် ၁၀ သမား မဟုတ်ဘဲ တောင်ပံသမားအဖြစ် အားထုတ်စေရာမှာ ဆလော့ ကိုယ်တိုင် အနီးကပ် ကြီးကြပ်နေပါတယ်။
နံပါတ် ၉ သမား ပါဝင်လာခြင်း
ဒါဝင်၊ ဂက်ပိုတို့ မပါနိုင်သလို ဂျေဒန်ဒန့်စ်လည်း ဒဏ်ရာကြောင့် အက်ဆာမှာ ကျန်ခဲ့ချိန်မှာ လီဗာပူးအသင်းအတွက် နံပါတ် ၉ တိုက်စစ်သမားအဖြစ် ကစားပေးဖို့ ဂျိုတာ ပြန်ပါလာပါပြီ။ လေ့ကျင့်ရေး ကာလချိန် တိုတောင်းပေမယ့် အာဆင်နယ်ပွဲမှာ ပွဲကစားချိန်ရဦးမှာပါ။
ဖြတ်တင်ဘော အားပြုမှု
လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ဖြတ်တင်ဘောတွေ နည်းမသွားပါဘူး။ ဘက်တစ်ပွဲတုန်းကလည်း တောင်ပံက ဖြတ်တင်ဘော များစွာကို မြင်ခဲ့ရပါသေးတယ်။ နည်းပြဆလော့က တောင်ပံတွေမှာ စိတ်ရှည်ရှည်ကစားစေပြီး အစွန်သမားတွေအား ၆ ကိုက်စည်းထဲ ခပ်နိမ့်နိမ့် ဖြတ်တင်ဘောတွေကို ပို့ဖို့ အများကြီး လုပ်ပိုင်ခွင့်ပေးထားပါတယ်။
စိတ်ဝင်စားစရာ လေ့ကျင့်နည်း
ရူဗန် ပီတာစ့်တို့က လေ့ကျင့်ရေးမှာ ကစားသမားတွေကို အရှိန်နဲ့ ပြေးစေပြီး ဘေးကနေ ဘော်ဒီနဲ့ ဝင်တိုက်တဲ့ ရူဘီစတိုင် လေ့ကျင့်ရေးတွေကို လုပ်နေစေပါတယ်။ ဘော်ဒီတိုက်ခံရချိန်မှာ အရှိန်မချဘဲ ဆက်ပြေးရမှာဖြစ်ပါတယ်။
ပေးချက်အလန်းတွေနဲ့ သ-တ်ပလိုက်စမ်းပါ
လေ့ကျင့်ရေးတွေမှာ ဆလော့ အော်ဟစ်နေတာက “ပေးချက်အလန်းတွေနဲ့ သ-တ်ပလိုက်စမ်းပါ” ဆိုတာပါပဲ။ လီဗာပူးဟာ ကောင်တာ-ဖိအားပေး မဟုတ်တော့ဘဲ ဘောလုံးပိုင်ဆိုင်မှုကို ပိုသုံးလာပြီး မြန်ဆန်တဲ့ တစ်ချက်ထိ နှစ်ချက်ထိ ဘောလုံးပေးမှုတွေ လုပ်ဆောင်လာနေပါတယ်။
“မင်းတို့ ဘောလုံးဆုံးရှုံးလိုက်တိုင်း သွင်းဂိုး ရယူဖို့ အခွင့်အရေးကို ဆုံးရှုံးလိုက်တာပဲ” ဆိုတာက အသင်းသားတွေကို ဆလော့ရဲ့ သတိပေးစကားပဲ ဖြစ်ပါတယ်။