ဒီနွေမှာ အားလုံး အံ့အားသင့်မယ့် အပြောင်းအရွှေ့ တစ်ခု လုပ်လိုနေဆဲ လီဗာပူး

ကွင်းလယ်နဲ့ ခံစစ်မှူးနေရာတွေအတွက် လူသစ် ရှာနေတဲ့ လီဗာပူးအသင်းဟာ ထူးထူးခြားခြားအဖြစ် နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ပြန်ထွက်လာပါတယ်။

ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းကြောင့် အရေးယူမခံရဖို့ နယူးကာဆယ်တို့ ကြိုးစားစဉ်မှာ ဂေါ်ဒန်ကို ခေါ်ယူရေး လီဗာပူးဘက်က ကမ်းလှမ်းခံရပေမယ့် ကွမ်းဆက်ကို အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် ထည့်ပေးဖို့ တောင်းဆိုခံရတာကြောင့် ပယ်ချခဲ့တယ်လို့ လီဗာပူးနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ဖော်ပြတယ်။

နယူးကာဆယ်ဘက်ကတော့ ခြားနားစွာပဲ သူတို့ရဲ့ တိုက်စစ်သမားကို လီဗာပူးဘက်က လိုက်နေတယ်လို့ The Athletic ကနေ အင်တာဗျူး ပေးသွားပါတယ်။ ဒီကိစ္စဟာ ဇွန်လထဲမှာပဲ နယူးကာဆယ်အသင်း ဘဏ္ဍာရေး အဆင်ပြေခဲ့တာမို့ ငြိမ်သက်သွားခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ သတင်းထောက်တွေက ဂေါ်ဒန် ကိစ္စကို ပြန်အစဖော်လာပြီး ရိုမန်နိုကဆိုရင် “လီဗာပူးက အလေးအနက် စိတ်ဝင်စားနေတယ်”၊ “အပြောင်းအရွှေ့ ဖြစ်လာနိုင်လို့ စောင့်ကြည့်နေသင့်ကြောင်း”ပါ သတိပေးလာခဲ့ပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက် David Lynch ကလည်း ” စျေးကွက် နောက်ဆုံးချိန်တွေမှာ ဒီအပြောင်းအရွှေ့ကို ပြန်အသက်သွင်းနိုင်ချေ ရှိနေပါတယ်။ ဂေါ်ဒန်က လီဗာပူးအတွက် ကစားပေးဖို့ကို နှစ်သက်မှုရှိပါတယ် ” လို့ ဖော်ပြလာပါတယ်။

ဂေါ်ဒန်ဟာ နယူးကာဆယ်နဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေကာ သက်တမ်းတိုးချေ အလားအလာ သိပ်နည်းနေတယ်လို့ သိရတယ်။ မာဆေးဆိုဒ်သားကတော့ ငယ်ဘဝတည်းက အားပေးရတဲ့ လီဗာပူးကို ပြောင်းခွင့်ရဖို့ အတော်လေး စိတ်အားထက်သန်နေပါတယ်။

စိတ်ဝင်စားစရာက ဂေါ်ဒန်ဟာ ဘယ်တောင်ပံမှာ ကစားသူဖြစ်ပြီး လီဗာပူးမှာက ဘယ်တောင်ပံသမား ၅ ဦးထိ ရှိနေတာပါ။ ဒီယက်ဇ်၊ ဂျိုတာ၊ ဒါဝင်၊ ဂက်ပိုတို့အပြင် ကာဗာရိုကိုလည်း ဘယ်တောင်ပံမှာ နေရာချနေတာဖြစ်ပါတယ်။

စျေးကွက် နောက်ဆုံးအပတ်တွေမှာ တိုက်စစ်သမား တစ်ဦး ရောင်းချမှုဖြစ်လာခဲ့ရင် အင်္ဂလန်တိုက်စစ်သမားကို အစားထိုးဖို့ ပြန်ခေါ်မှာမျိုးလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။