ဘောလုံးရာသီသစ်စဖို့ ၃ ပတ်ပဲ လိုတော့သလို စျေးကွက်ပိတ်ဖို့ ၄ ပတ်ကျော်ပဲ ကျန်ရှိတော့မယ့် လီဗာပူးအသင်းဟာ လူသစ် ခေါ်ယူမှု တစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်သေးပါဘူး။
အမေရိကန် ရာသီကြို ပြင်ဆင်မှု အပြီးသတ်မယ့် ဩဂုတ်လ ပထမပတ်ထိ လီဗာပူးအသင်းက လူသစ် ခေါ်ယူရေး လုပ်ဦးမှာ မဟုတ်ကြောင်းကိုတော့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက အသိပေးထားပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေကို အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝပ်၊ ဂျူလီယန်ဝတ်တို့အပြင် ဘုန်းမောက်က ခေါ်ယူထားတဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့နဲ့ စျေးကွက်ကို ဆန်းစစ်မှု ပြုလုပ်နေတာပါ။
စိတ်ဝင်စားစရာကတော့ လီဗာပူးအသင်းဟာ အခုချိန်ထိ လူသစ် မရသေးပေမယ့် အပြောင်းအရွှေ့ လှုပ်ရှားမှုတိုင်းဟာ ကြောက်စရာကောင်းအောင် သိုဝှက်လွန်းနေကာ ကလပ်တွေဘက်ကကော ကစားသမားဘက်ကနေပါ သတင်းပေါက်ကြားခွင့် မပေးတာပဲ ဖြစ်ပါတယ်။
အသင်းပရိသတ်တွေဘက်က လူသစ်မခေါ်နိုင်သလို လူလည်း မရောင်းနိုင်ဘူးလို့ ဝေဖန်နေကြပေမယ့် ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဂိုးမက်စ်ကို ပေါင် ၄၅ သန်းနဲ့ ရောင်းပြီး ဂေါ်ဒန်ကို ပေါင် ၇၅ သန်းဖြင့် ပြန်ဝယ်ဖို့ ကိစ္စ ၉၀% ပြီးစီးခဲ့ကာ ဆေးစစ်ဖို့ထိ ပြင်ဆင်ပြီးမှ ပျက်ပြယ်ခဲ့တဲ့ ကိစ္စ ရှိခဲ့ပါတယ်။
ထပ်ပြီးလည်း ဇူလိုင်လ အစတုန်းက အန်ဒိုအတွက် မာဆေးအသင်းရဲ့ ယူရို ၁၄ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းနဲ့ အမေရိကန် ခရီးစဉ် မတိုင်ခင် ဗန်ဒန်ဘတ်အတွက် ပီအက်စ်ဗီဘက်က ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်း ကိစ္စတွေလည်း ရှိခဲ့ပါသေးတယ်။
ဒီကိစ္စတွေကို အပြောင်းအရွှေ့မှာ အပ်ကျတာကအစ သိတယ်လို့ နာမည်ကြီးတဲ့ ရိုမန်နိုနဲ့ ဗြိတိန်ရဲ့ အကျော်ကြားဆုံး အပြောင်းအရွှေ့ သတင်းထောက်တွေ တစ်ဦးမှ သိရှိခဲ့ခြင်း မရှိပါဘူး။
သီတင်းပတ်တွေကြာအပြီး ယခု လကုန်မှပဲ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ ပရိသတ်တွေ သိခွင့်ရလာခဲ့တယ်။ မိုက်ကယ်အတ်ဝပ်တို့ဟာ အသင်းရဲ့ အနာဂတ်ရေးရာ ကိစ္စတွေကို တိုးတိုးတိတ်တိတ်ပဲ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
တစ်ခုတည်းသော သတင်းကောင်းကတော့ ကွင်းလယ် နံပါတ် ၆ သမားနဲ့ ဗဟိုခံစစ်အတွက် မိုက်ကယ်အတ်ဝပ်တို့ ပြင်းထန်စွာ အားထုတ်နေပြီဆိုတဲ့ သတင်းကိုတော့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေအပြင် ရိုမန်နိုကပါ ဖော်ပြလာနေကြပြီ ဖြစ်ပါတယ်။