နိုင်ပွဲဆက်နေတဲ့ ခြေစမ်းပွဲ၊ ထွက်ခွင့်တောင်းထားတဲ့ ဂိုးမက်စ်၊ နံပါတ် ၆ နေရာက ပွဲထွက်တဲ့ ဆိုဘို၊ ဆလော့ရဲ့ တောင်းဆိုထားမှုနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ မနက်က ရာသီခြေစမ်းပွဲမှာ ဆာလာ၊ ကာဗာရိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲမှာ နည်းပြဆလော့ဟာ ဆိုဘိုကို ကွင်းလယ် နံပါတ် ၆​ နေရာက စမ်းသုံးခဲ့ပြီး အဆင်ပြေပြေဖြစ်ခဲ့ပါတယ်။

နည်းပြကလော့ပ်က အနာဂတ်မှာ ဘာဖြစ်လာမယ် မသိပေမယ့် ဒီနှစ်တော့ သူ နည်းပြလောကထဲ မဝင်သေးဘူးလို့ အသိပေးလာပါတယ်။

လီဗာပူးအသင်းဘက်ကကော ဂရာဗင်ဘက်ချ်ဘက်ကပါ ဒီနွေမှာ အပြောင်းအရွှေ့ ကိစ္စကို မစဉ်းစားဘဲ နယ်သာလန်သားရဲ့ ဒုတိယမြောက် ဘောလုံးရာသီဟာ အန်ဖီးမှာပဲ ဆက်ရှိနေပါမယ်။

ခံစစ်မှူး ဂိုးမက်စ်ဟာ ပုံမှန် ပွဲကစားခွင့်အတွက် လီဗာပူးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါပြီ။ အသင်းဘက်က သင့်လျော်တဲ့ ကမ်းလှမ်းမှုဆိုရင် လက်ခံဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

မာတစ် ထွက်ခွာသွားသလို ဂိုးမက်စ်လည်း ထွက်ခွာနိုင်တာကြောင့် အစားထိုးစရာ ခံစစ်မှူးမရဘဲ ဗန်ဒန်ဘတ်ကို လီဗာပူးဘက်က ထွက်ခွင့်ပေးဖွယ် မရှိပါဘူး။

ဒီနွေမှာ ခံစစ်ကို အာရုံစိုက်ရမှာဖြစ်လို့ လီဗာပူးအသင်းဟာ ကွင်းလယ် အားဖြည့်ရေး နောက်ဆုတ်ထားဦးမှာဖြစ်ကာ အန်ဒိုကိုလည်း လက်တလော ဆက်ထိန်းထားမှာပါ။

ဇွန်လကုန်ကတည်းက လီဗာပူးအသင်းနဲ့ နယူးကာဆယ်ကြား အဆက်မသွယ် မရှိတော့ပါဘူး။ ဂေါ်ဒန်အတွက် လီဗာပူးရဲ့ ကမ်းလှမ်းမှုသစ်ကို လက်ခံပေးမယ့် အရိပ်အယောင်မျိုး မမြင်ရပါဘူး။

အာနယ် ဆလော့ကတော့ နံပါတ် ၆ နေရာကနေ ဘောလုံးကောင်းကောင်း ကိုင်ကစားနိုင်တဲ့ ကွင်းလယ် playmaker တစ်ဦးရဖို့ကိုပဲ ဦးစားပေးအဖြစ် တောင်းဆိုပါတယ်။

လီဗာပူးအသင်းက ကာဗာရိုကို အငှားချတော့မှာ မဟုတ်ပါဘူး။ စျေးကွက်နောက်ပိုင်းမှာ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင်တော့ သူ့ကို ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ပဲလေစ့်မှ ခံစစ်မှူး ဂူဟီကို သဘောကျကာ စုံစမ်းမှုလုပ်ခဲ့ပေမယ့် အဲ့တာက ယူရိုမတိုင်ခင်ကဖြစ်ကာ လက်ရှိမှာ ချိတ်ဆက်မှု မရှိပါဘူး။ ပဲလေစ့် ကွင်းလယ်လူ ဝါတန်ကိုလည်း သဘောကျထားပါတယ်။