ဒီမနက်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ အမေရိကန်မှာ ရာသီကြိုပွဲ ကစားခဲ့ကာ ဆာလာ၊ ကာဗာရိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒီနေ့ပွဲကို ပရိသတ် ၆၉၈၇၉ ဦး ဝင်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
ပထမပို်င်းမှာ နှစ်သင်းလုံး အဓိကကစားသမား အများအပြား ထည့်ထားတာကြောင့် ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ လီဗာပူးရဲ့ တစ်ချက်ထိ၊ နှစ်ချက်ထိတွေ မြင်ရတာ လှပါတယ်၊ လိုင်းတွေကို ကျော်ကျော်ပေးဖို့ အတွင်းလူကို ဘောလုံးပြန်ပေးပြီး ဘောလုံးထုတ်စေတာမျိုးတွေလည်း ကြည့်လို့ကောင်းပါတယ်။ ဒီပွဲမှာ မြင်ခဲ့ရတာအချို့ကို ဖော်ပြသွားပါမယ်။
ဖန်တီးရှင်အဖြစ် တောက်ပနေတဲ့ ဟာဗေး
ဒီနေ့ပွဲမှာ ဟာဗေးက နံပါတ် ၁၀ သမားအဖြစ် ဆက်လက် တောက်ပခဲ့ကာ ဆာလာ၊ ဂျိုတာ၊ ကာဗာရို ဦးဆောင်တဲ့ တိုက်စစ်ကို အများကြီး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဟာဗေးရဲ့ လက်ရှိ ခြေစွမ်းဟာ လီဗာပူးအသင်းမှာ အတည်ငြိမ်ဆုံး အနေအထားလောက်ကို ရှိနေပါတယ်။
ယူရိုမှာ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ အရွေးမခံရတာက လီဗာပူးအတွက် ကောင်းတဲ့ကိစ္စဖြစ်ပြီး အိုဒီဂတ်၊ ဟာဗက်ဇ်တို့ ရှိနေတဲ့ ကွင်းလယ်ကြေားမှာ သူက ဝင်မွှေနေခဲ့တာပါ။ ဆာလာကို ဖန်တီးပေးတဲ့ ဘောလုံးကော ကာဗာရိုအတွက် မတင်ပေးတဲ့ ဘောလုံးကပါ သူ့ရဲ့ ဘောလုံးအမြင် စူးရှမှုကို မြင်သာစေပါတယ်။
ခံစစ်ပိုင်း အနည်းငယ် ယိမ်းယိုင်မှုကြားက ကွမ်းဆက်
ပွဲအစ ၂ မိနစ်လောက်မှာ ကလယ်ဟာရဲ့ ပေါ့ဆတဲ့ အမှားယနေ ရှက်စရာ ဦးဆောင်ဂိုး ပေးရမလိုဖြစ်ခဲ့ပေမယ့် ဂိုးဘေးက ထွက်သွားခဲ့ပါတယ်။ ကလယ်ဟာက အမှားအချို့ ရှိပေမယ့် ကာကွယ်မှုကောင်း အချို့လည်း ရှိပါတယ်။
အသင်းရဲ့ ခံစစ်ကနေ ကစားကွက် တည်ဆောက်ပုံဟာ ပရိသတ်တွေကို အသဲတအေးအေး ဖြစ်စေတဲ့ အခိုက်အတန်တွေရှိခဲ့ကာ ကွမ်းဆက်ကတော့ အံဝင်ဝင်ပဲ ကစားနိုင်ခဲ့ပါတယ်။ ဂျေးဆုရဲ့ ဂိုးဖြစ်ဖို့ သေချာသလောက် အခွင့်အရေးကိုလည်း ကွမ်းဆက်က ဟန့်တားပေးခဲ့တယ်။
ဂျုံး ကစားနိုင်ပြီး အတွင်းလူနေရာက ဆိုဘို ပွဲထွက်
ဒီပွဲမှာတော့ ဆိုဘိုနဲ့ ဂျုံးကို ကွင်းလယ် နှစ်ဦးတွဲအဖြစ် ပွဲထုတ်ပြီး သူတို့ နှစ်ဦးလုံးဟာ နံပါတ် ၆ သမားနေရာမှာ မကြာခဏ မြင်ရလေ့ရှိသူတွေတော့ မဟုတ်ပါဘူး။ ဆလော့က ကွင်းလယ် နံပါတ် ၆ မှာ ဘောလုံးကစားပေးနိုင်တဲ့သူ အလိုရှိနေတယ်တော့ ကြားထားရပါတယ်။
ဂျုံးက ဒဏ်ရာ အနည်းငယ် ရှိထားတာကြောင့်လား မပြောတတ်ဘဲ ပေးချက်တွေ နှေးပြီး ခပ်လေးလေးပုံစံဖြစ်နေခဲ့ပါတယ်။ ဆိုဘိုကတော့ ဂျုံးထက်စာရင် ပိုငြိမ်ပြီး ပိုလုပ်ပြနိုင်ခဲ့ပါတယ်။ သူလည်း နံပါတ် ၆ နေရာအတွက် ရေရှည် အဖြေတော့ မဟုတ်နိုင်ပါဘူး။ ဆိုဘိုရဲ့ အကောင်းဆုံးက တိုက်စစ်လိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်။
ဆလော့ရဲ့ ကစားကွက်မှာ အံဝင်မယ့် ဆာလာ၊ ဂျိုတာ
နံပါတ် ၉ သမား ပထမဆုံး ပြန်ပါတဲ့ ပွဲဖြစ်ပြီး ဂျိုတာရဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်ပုံတွေ ကောင်းမွန်ပါတယ်။ တကယ်တော့ ဂျိုတာဟာ လီဗာပူးအတွက် ဂျိုကာလို ကစားသမားဖြစ်ပြီး ခြေစွမ်းညံ့တယ်ဆိုတာ ခပ်ရှားရှားပါ အဓိကက သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းဖြစ်ပြီး ဆလော့လက်ထက် ဒဏ်ရာကင်းဖို့ မျှော်လင့်ရမှာပါ။
ဇင်ချန်ကိုကို ကျော်ဖြတ်ဖို့က ဆာလာအတွက် ပြဿနာကို မဟုတ်တာပါ။ သူ့ထံက အခွင့်အရေး အဆုံးသတ်ပုံတွေ ပိုမြင်ရချင်ပါတယ်။ ဆလော့ ကစားကွက်မှာလည်း ဆာလာရဲ့ အခွင့်အရေးရမှုတွေက နည်းမသွားပါဘူး။ တိုက်စစ်ကတော့ အလုပ်ဖြစ်နေဆဲပါ။