အမေရိကန်မှာမို့ အမေရိကန်လို့ ကျင့်ပြသွားတဲ့ အာနယ် ဆလော့ရဲ့ အကွက်သစ်

နည်းပြသစ်လက်ထက် အိုင်ဒီယာအသစ်တွေနဲ့ ရှေ့ဆက်နေတဲ့ လီဗာပူးအသင်း အမေရိကန်ရာသီကြိုမှာ လူပြခဲ့တဲ့ အကွက်ဟာ အတော်လေး လူပြောများခဲ့ပါတယ်။

အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲအတွင်း ကိုစတက် ကန်တင်ပေးမယ့် ညာခြမ်းထောင့်ကန်ဘော တစ်ကြိမ်မှာ လီဗာပူးအသင်းဟာ အာဆင်နယ် ကစားသမားတွေနဲ့အတူ ဧရိယာထဲမှာ နေရာမယူဘဲ စည်းထောင့်မှာ အတန်းလိုက်ရပ်နေကာ ဘောလုံးရောက်ခါနီးမှ ပြေးဝင်ခဲ့ကြတာပါ။

အဆိုပါ ထောင့်ကန်ဘောက ခြိမ်းခြောက်မှုကြီးတော့ မဖြစ်ခဲ့ပေမယ့် အင်္ဂလန်လိဂ်မှာ မြင်ရလေ့ရှိတဲ့ ပုံစံ မဟုတ်တာကြောင့် ဒတ်ချ်ဘောလုံးလား ဆိုပြီး ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။

ပွဲအပြီး ထွက်ပေါ်လာတဲ့ အသံအချို့မှာတော့ အာနယ် ဆလော့ဟာ ဒတ်ချ်ဘောလုံးကို ကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ American football ထဲက နည်းစနစ်တစ်ခုကို စမ်းသုံးခဲ့တာလို့ သိရပါတယ်။

ဒီစနစ်ကို sugar huddle လို့ ခေါ်ပြီး ပြိုင်ဘက်တွေနဲ့ ၂-၃ ကိုက် အကွာမှာ အသင်းသားတွေကို စနစ်တကျ စုဖွဲ့ကာ စုပြုံနေစေပြီး ပြေးထွက်လာမယ့် ဘောလုံးနဲ့အတူ ချိန်သားကိုက် ပြေးလွှားထိုးစစ်ဆင်ရတဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။

ခံစစ်သမားတွေအတွက်က ပြိုင်ဘက်ရဲ့ ထိုးစစ်ဆင်မှုကို ဖြန့်ကား ခုခံဖို့ရာ အချိန်ယူဖို့ ခက်ခဲသွားစေပြီး တစ်ဦးချင်း လူကပ်လို့ကော ဇုန်အလိုက် လူကပ်ဖို့ပါ ခက်ခဲစေတယ်လို့ ဆိုပါတယ်။

အသင်းရတဲ့ ထောင့်ကန်ဘော အားလုံးမှာ တစ်ကြိမ်တည်းကိုပဲ စမ်းသုံးခဲ့တာဖြစ်လို့ ရေရှည်အတွက် ရည်ရွယ်ခြင်း ရှိမရှိဆိုတာက လာမယ့် ယူနိုက်တက်နဲ့ ခြေစွမ်းပွဲမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။