လီဗာပူးအသင်းဟာ ဒီနွေမှာ လူသစ် ခေါ်ယူမှု တစ်ခုမှ မလုပ်သေးသလို ကစားသမား ရောင်းချမှုကြီးလည်း မလုပ်သေးဘဲ ဩဂုတ်လထဲမှာတော့ အပြောင်းအလဲ လုပ်လာတော့မှာဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။
အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ နောက်ကွယ်မှာ စကားပြောမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်းကို နည်းပြအာနယ် ဆလော့က အသိပေးထားပြီး အမေရိကန်ခရီးစဉ်မှာလည်း ရစ်ချက်ဟုချ်ကို ဖုန်းနဲ့ အမြဲတွေ့နေရပါတယ်။
ဇူလိုင်လအကုန်မှာ လီဗာပူးဘက်က ကလပ်နဲ့ သက်ဆိုင်တဲ့ အပြောင်းအရွှေ့ ကိစ္စ ၃ ခုကို ဖွင့်ချခဲ့ရာမှာ သတင်းထောက်တွေ မသိခဲ့တဲ့ ဂိုးမက်စ်၊ အန်ဒို၊ ဗန်ဒန်ဘတ်တို့အတွက် ကမ်းလှမ်းခံရမှု ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။
လက်ရှိ အသင်းသားတွေထဲမှာ ဂိုးမက်စ်က ပုံမှန်ပွဲကစားခွင့်အတွက် အသင်းပြောင်းခွင့် ရလိုနေကာ အသင်းဘက်ကတော့ အစားထိုးစရာ ကစားသမား မရှိပါဘဲ စီနီယာ ကစားသမား ၁ ဦးမှ လက်လွတ်ခံမှာ မဟုတ်ဘူးလို့ သိရတယ်။
အသက် ၂၇ နှစ်အရွယ် ခံစစ်မှူးအတွက် ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က လမ်းဖွင့်ပေးမှာဖြစ်ကာ ကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ဇွန်လအတွင်း ဂေါ်ဒန်နဲ့ အလဲအထပ် ကိစ္စမှာ သဘောတူညီမှုရခဲ့တဲ့ ပေါင် ၄၅ သန်းမျိုး တောင်းဆိုမှာဖြစ်ပါတယ်။
ဂိုးမက်စ်နဲ့ ဂေါ်ဒန် အလဲအထပ် ပျက်ပြယ်ခဲ့တဲ့ ကိစ္စကို ဖွင့်ချပေးခဲ့တာကလည်း ခံစစ်မှူးအတွက် အသင်း ရလိုတဲ့ ပြောင်းရွှေ့ကြေး ရုပ်လုံးပေါ်အောင် သက်သေပြတဲ့သဘောလို့ နားလည်ထားရတယ်။
အာဆင်နယ် ဆလော့က နံပါတ် ၆ သမား တောင်းဆိုပေမယ့် ဂိုးမက်စ် ထွက်ခွာခဲ့ရင် ခံစစ်နေရာ အစားထိုးဖို့ကို လီဗာပူးဘက်က ဦးစားပေးရမှာပါ။ ဒါကြောင့်ပဲ ဗန်ဒန်ဘတ်ကို ထွက်ခွင့်မပေးသေးတာပါ။ ကွမ်းဆက်ကို စိတ်ဝင်စားတဲ့ ကလပ်တွေ များပေမယ့် သူ့ကိုတော့ လီဗာပူးဘက်က လုံးဝ အထိမခံပါဘူး။
ဂိုးမက်စ်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းဘက်က စိတ်ဝင်စားရိပ် ပြသခဲ့ဖူးကာ ပရီးမီးယားလိဂ် အသင်းအချို့ကလည်း ကမ်းလှမ်းမှု လုပ်လိုနေတယ်လို့ သိရပါတယ်။