နည်းပြလောကက အပြီးအနားယူတာ မဟုတ်ဘဲ ပြန်လာဖို့ အချိန်ယူဦးမယ့် ယာဂင်ကလော့ပ်

ဒီရက်ထဲမှာ ကလော့ပ် နည်းပြလောကကနေ အပြီးတိုင် အနားယူသွားပြီလို့ ဖော်ပြချက်တွေရှိနေပေမယ့် ရာနှုန်းပြည့် မှန်ကန်ခြင်း မဟုတ်ဘဲ သူ့ရဲ့ အင်တာဗျူး အပေါ်ပိုင်းလောက်ကို သတင်းဖော်ပြနေကြခြင်းဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အပြည့်အဝ အနားယူမယ့် နည်းပြကလော့ပ်ဟာ ၂၀၂၅ နွေမတိုင်ခင် နည်းပြလောကထဲ ပြန်မဝင်လာဘူးလို့ အတိအလင်း ထုတ်ဖော်ထားပါတယ်။

နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကလော့ပ်က ” ဒီနေ့ကစပြီး ငါ နည်းပြဘဝကတော့ တော်ပါပြီ။ ငါက ညည်းတွားပြီး နှုတ်ထွက်သွားတာ မဟုတ်ဘူး၊ ဒါက ယေဘုယျဆန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကမ္ဘာ့အကောင်းဆုံး ကလပ် အသင်းတွေကို ငါ ကိုင်တွယ်ခဲ့ပြီးပါပြီ။

နောက်လ နည်းနည်းကြာရင် နည်းပြဖို့အကြောင်း စကားပြောတာမျိုး ရှိရင်ရှိလာမှာပေါ့ ” လို့ ဖြေပေးပါတယ်။

တချို့က ယာဂင်ကလော့ပ် နည်းပြလောက ကနေ အပြီးနားပြီ ယူဆကြပေမယ့် နောက်လတွေမှာ စကားပြောတာတွေ ရှိလာနိုင်တယ်လို့ ထည့်ပြောထားတာကြောင့် အပြီးနားလိုက်တာမျိုး ဟုတ်ဟန်မရှိပါဘူး။

လက်တလော အသင်းလက်မဲ့ဖြစ်နေတဲ့ ကမ္ဘာ့အဆင့် နည်းပြက သူတစ်ဦးတည်းရှိတာမို့ အမေရိကန်နဲ့ အင်္ဂလန် အက်ဖ်အေတွေ တောက်လျှောက် လိုက်ချိတ်နေချိန်မှာ အခုလို ပြောပြီး အဟန့်လုပ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ကလော့ပ် တကယ်နားမှာလား? မနားသေးဘူးလား? အချိန်ကပဲ စကားပြောပါလိမ့်မယ်။