ကွမ်းဆက်ကို ရောင်းမှာ မဟုတ်ခြင်း၊ ကာဗာရို ဆက်နေဖွယ်ရှိခြင်း၊ ကလော့ပ် အနားယူဦးမည် မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွမ်းဆက်အတွက် မည်သည့် ချိတ်ဆက်မှုမှ လက်ခံ စကားပြောမှာ မဟုတ်ပါဘူး။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားကို လက်ရှိကော အနာဂတ်အတွက်ပါ ရည်ရွယ်ပါတယ်။

ဘယ်အစွန်လူ အိုဝင်ဘက်ကို ဒီနွေမှာ အငှားထပ်ချဖို့ထက် အပြီးသတ် ရောင်းထုတ်လိုက်ဖို့ကို လီဗာပူးဘက်က စဉ်းစားထားပါတယ်။

လာမယ့် ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ကိုနတေးနဲ့ ဂရာဗင်ဘက်ချ်တို့ ပွဲကစားချိန် ရရှိမယ်လို့ နည်းပြဆလော့က အသိပေးပါတယ်။

လီဗာပူးအသင်းဟာ လူသစ် ခေါ်ယူမှုတွေ လုပ်မှာ သေချာတယ်လို့ ဂျိမ်းပီယာ့ဇ်က ထုတ်ပြောလာခဲ့ကာ ကစားသမား ရောင်းချမှုဟာလည်း အင်အားဖြည့်မှုအပေါ် သက်ရောက်မှုရှိမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပီယာ့ဇ်ကပဲ နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ဟာ လီဗာပူး စိတ်ဝင်စား စောင့်ကြည့်နေသူဖြစ်ပြီး အသင်းထံ ရောက်လာဖို့ အလားအလာရှိတယ်လို့ ဝန်ခံပါတယ်။

ကာဗာရိုက လီဗာပူးအသင်းမှာပဲ ဆက်နေမယ့် သဘောမျိုး ပြောဆိုနေသလို သူ့ကို တောင်ပံမှာ အံဝင်အောင် နေရာချပေးတဲ့ ဆလော့ရဲ့ ကိုင်တွယ်မှုကိုလည်း သဘောကျနေပါတယ်။

ကလော့ပ်ဟာ နည်းပြလောကက​နေ အပြီးသတ် အနားယူမယ် ရာနှုန်းပြည့် မသေချာပါဘူး။ သူက လက်တလောမှာ နည်းပြဘဝ ပြီးသွားပြီဆိုပေမယ့် အနာဂတ်မှာ ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

လီဗာပူးအသင်း ဒေတာ သုတေသနဌာနမှူးဟောင်း အိုင်ရမ် ဂရေဟမ်က ၂၀၁၃ မှာ အသင်းဟာ ဆွာရက်စ်နဲ့ တွဲဘက်ပေးဖို့ ဒီယေဂို ကော်စတာကို ခေါ်ယူလိုခဲ့တာလို့ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် ကော်စတာ ခေါ်ယူရေး ဆွေးနွေးမှုက အကြောင်းတွေကြောင့် ပျက်သွားခဲ့ပါတယ်။

ကွင်းလယ်လူ အန်ဒိုကို ခေါ်ဖို့ ဝက်စ်ဟမ်းအသင်းက စိတ်ဝင်စားနေပါတယ်။ အခုချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်မယ့် အနေအထား မရှိသေးပါဘူး။