၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ရာသီကြို ပြင်ဆင်မှု အရှိန်ရလာနေသလို ဒီလထဲမှာပဲ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာပါ။
ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေကြောင့် မာကာ၊ ဗန်ဒိုက်၊ ထရန့် အပါအဝင် အဓိက ကစားသမားတွေ အသင်းနဲ့ ပူးပေါင်းမှု နောက်ကျချိန်မှာ အငှားက ပြန်လာတဲ့ ကြယ်ပွင့်တွေနဲ့ အကယ်ဒမီမှ လူငယ်တွေကို အသင်းကြီးထံ ခေါ်ယူထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁ လလုံးလုံး အာနယ်ဆလော့တို့ နည်းပြအဖွဲ့ဟာ အသင်းမှာရှိတဲ့ ကစားသမားတွေကို အကဲဖြတ်မှုတွေ လုပ်နေခဲ့ကာ လက်ရှိမှာတော့ သူတို့လိုချင်တဲ့ နေရာတွေကို စတင် တောင်းဆိုထားပြီဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကစလို့ ဗြိတိန်သတင်းထောက်တွေနဲ့ ဥရောပသတင်းထောက်တွေ အားလုံးက လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူး၊ ကွင်းလယ်ခံစစ်နဲ့ တောင်ပံတိုက်စစ်သမားတို့ကို အလိုရှိနေကာ အနည်းဆုံး ၂ ဦးကို ခေါ်ယူမယ်လို့ ဖော်ပြနေကြတယ်။
တချိန်တည်းမှာပဲ လီဗာပူးစီနီယာတွေဖြစ်တဲ့ ဂိုးမက်စ် အပြင် အန်ဒိုကိုလည်း ရောင်ချဖို့ လမ်းဖွင့်ထားကြောင်း အသံကျယ်လာနေခဲ့တယ်။
လူသစ်ခေါ်ဖို့ လီဗာပူးရဲ့ ဦးစားပေးဟာ ဘယ်ခြမ်းအားသန် ဗဟိုခံစစ်မှူးသစ်နဲ့ playmaker ပုံစံ ကစားနိုင်တဲ့ ကွင်းလယ် နံပါတ် ၆ သမားတို့ဖြစ်ကာ အသက် ၂၄ နှစ်အောက်တွေဖြစ်လာကြဖို့ ရှိပါတယ်။
ဂုဏ်သိက္ခာရှိ သတင်းထောက် တစ်ဦးဖြစ်တဲ့ Miguel Delaney က ဆိုရင် လာမယ့်အပတ်ကစလို့ လီဗာပူးဟာ အပြောင်းအရွှေ့ ချိတ်ဆက်မှုတွေ စတင်တော့မှာဖြစ်ကာ ၁၀ ရက်အတွင်း သတင်းကောင်းကြားရလိမ့်မယ် ပြောလာနေပြီဖြစ်ပါတယ်။