

အမေရိကန် ရာသီကြို နောက်ဆုံးပွဲအဖြစ် လီဗာပူးက ယူနိုက်တက်ကို ကာဗာရို၊ ဂျုံး၊ ကိုစတက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအပြီး ပြောစရာအချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ကြပါမယ်။
ပြိုင်ဘက်ကောင်းမတွေ့သေးတဲ့ ဆာလာ
ရာသီကြိုမှာ ဆာလာရဲ့ ခြေစွမ်းက အကောင်းမြင်စရာပါ။ အာဆင်နယ်ပွဲမှာကော ဒီမနက် ယူနိုက်တက်ပွဲမှာပါ ထူးချွန်မြဲ ထူးချွန်ဆဲပါ။ ဒါပေမယ့် ဆာလာလို ကမ္ဘာ့အဆင့် ခြေစွမ်းရှိတဲ့ ကစားသမားတစ်ယောက် အနေနဲ့ဆို ဒီရာသီကြိုမှာ သူနဲ့ သင့်လျော်တဲ့ ပြိုင်ဘက်မျိုး မတွေးသေးဘူးလို့ ဆိုရပါမယ်။
အာဆင်နယ်ပွဲမှာ ဇင်ချန်ကိုက ဆာလာရဲ့ ပြိုင်ဘက်ကို မဟုတ်ခဲ့ပါတယ်။ ယူနိုက်တက်ပွဲမှာလည်း သူရင်ဆိုင်ရတာ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဆလော့ ကစားကွက်ရဲ့ ညာခြမ်းမှာ ဆာလာက တောက်ပနေဆဲဖြစ်ပြီး ပိုကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရရင် သူ ဘယ်လို စွမ်းဆောင်နိုင်ဦးမလဲ သိချင်မိပါတယ်။
ကာဗာရိုကို ဆလော့ နေရာချမှန်နေပြီလား
ပေါ်တူဂီသား ကိုယ်တိုင်ကတော့ သူ တောင်ပံမှာ မကစားချင်ဘူး ပြောခဲ့တာပါ။ ပရိသတ်တွေကလည်း ဘော်ဒီသေးသေးလေးနဲ့ ဒီကောင်လေးက ဟာဗေးလို အတွင်းထဲ ဝင်ကစားရင် ပိုကောင်းမယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် ဆလော့က တောင်ပံမှာ ကစားကြည့်ပါဆိုပြီး အတင်းပို့ခဲ့တယ်။
လေ့ကျင့်ချိန်ကြာလာတော့ ကာဗာရိုက ဘယ်တောင်ပံမှာ အံဝင်လာပါတယ်။ နေရာလွတ်တွေမှာ အံ့ဩဖွယ်ကောင်းအောင် စကေးထုတ်နိုင်စွမ်းရှိတယ်။ ကာဆီမီရိုကို ရှေ့မှာထားပြီး အကွက်ပြသွားတာ ရင့်ကျက်လှပါတယ်။ အမေရိကန် ခရီးစဉ်အတွင်း မြင်ရသလောက်ဆိုရင် ကာဗာရိုကို တောင်ပံသမားအဖြစ် လက်ခံပေးလို့ ရပါတယ်။
ကွင်းလယ်အတွင်းလူ
ဘက်တစ်ပွဲမှာ အန်ဒိုကို ဂျုံးနဲ့ တွဲပေးခဲ့ပြီး အန်ဒို ခြေစွမ်း မပြနိုင်ပါဘူး။ အာဆင်နယ်ပွဲမှာ ဆိုဘိုကို ဂျုံးနဲ့ တွဲပေးပြီး ဂျုံး ခြေစွမ်းမကောင်းဘဲ ဆိုဘို ခြေစွမ်းပြနိုင်ပါတယ်။ ယူနိုက်တက်ပွဲမှာ ဂျုံးနဲ့ ဂရာဗင်ဘက်ချ်ကို တွဲပေးပြီး နှစ်ဦးလုံး ခြေစွမ်းကောင်းခဲ့ကာ ထုတ်သမျှ ၃ တွဲထဲမှာ ဘက်အညီဆုံးလို့ ဆိုနိုင်ပါတယ်။
ဂရာဗင်ဘက်ချ်က ခံစစ်ကနေ ဘောလုံးလက်ခံပြီး လိုင်းတွေကျော်လို့ ဘောလုံးဖြန့်ရာမှာ ဆိုဘိုထက် ပိုကောင်းပါတယ်။ ဆိုဘိုကကျ အတွင်းလူနေရာကနေ ဘောလုံးထုတ်ပြီး တိုက်စစ်လိုက်ရာမှာ ဂရာဗင်ဘက်ချ်ထက် ပိုကောင်းပါတယ်။
မာကာ မသုံးရသေးသလို ထရန့်ရဲ့ နေရာ မသိရသေးချိန်မှာ ကွင်းလယ် အတွင်းလူ အတွဲက ပွဲတိုင်း စိတ်ဝင်စားစရာတွေ ပြည့်နေပါတယ်။
၁ ချက်ထိ အမြန်ပေး
လီဗာပူးအသင်းဟာ ဆလော့ လက်ထက်မှာ ၁ ချက်ထိ အမြန်ပေးတွေ အတော်လေး သုံးပါတယ်။ ဥပမာပေးရရင် ပွဲချိန် မိနစ် ၇၀ ကျော်မှာ ယူနိုက်တက် ကစားသမား ဒဏ်ရာရလို့ ဆေးကုနေချိန် အန်ဒိုနဲ့ လူငယ် တစ်သိုက်က တစ်ချက်ထိ အမြန်ပေးတွေကို အပျင်းပြေ ကစားနေကြတာပါ။
အရှိန်ရယ်၊ တစ်ချက်ထိရယ်ကို ခပ်သွက်သွက် တွဲကစားနေပြီး တိတိကျကျ လုပ်နိုင်ရင် တစ်ချက်ဆို တစ်ချက် ကြောက်စရာကောင်းတဲ့ ထိုးဖောက်ချက်တွေပါပဲ။
ဗဟိုခံစစ် အပြောင်းအလဲ
ဗန်ဒိုက် ရှိနေသမျှတော့ လီဗာပူးရဲ့ ဘယ်ခြမ်း ခံစစ်မှူးနေရာကို အပိုင်စား ယူထားဦးမှာပါ။ ဒါကြောင့် ဗန်ဒိုက်ရဲ့ တွဲဘက် ညာခြမ်း ခံစစ် ၁ နေရာအတွက် ကွမ်းဆက်၊ အီဘူး၊ ဂိုးမက်စ်၊ ဗန်ဒန်ဘတ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယူနိုက်တက်ပွဲမှာတော့ အီဘူးကို ဘယ်ခြမ်းမှာ သုံးခဲ့ပြီး ကွမ်းဆက်က ညာခြမ်းမှာ အခိုင်အမာ နေရာရထားပါတယ်။ ကွမ်းဆက်က အမြဲတမ်း ရှေ့ကို ဘောလုံးထုတ်ပေးဖို့ စဉ်းစားနေတတ်သူပါ။ လက်ရှိ အသက် ၂၃ နှစ်အောက် အင်္ဂလန် ခံစစ်မှူးတွေထဲမှာ သူ့ထက် ပိုကောင်းတဲ့သူ ရှားပါလိမ့်မယ်။ ဗန်ဒိုက်ရဲ့ တွဲဘက်အဖြစ် ကွမ်းဆက်ပဲ ဖြစ်လာနိုင်ပါတယ်။