ကာဗာရို၊ ဂိုးမက်စ်၊ ကလက်တို့အတွက် လီဗာပူး ဘယ်လောက်ရလိုလဲ ဝါတာ၊ ဂေါ်ဒန်၊ ဂူဟီတို့ကို ခေါ်ချင်ရင်ကော ဘယ်လောက်ပေးရမလဲ

လီဗာပူးအသင်းဟာ လာမယ့်အပတ်မှာတော့ ကစားသမား ရောင်းချမှုတွေအတွက် အာနယ် ဆလော့ထံက အတည်ပြုမှု ရယူတော့မှာဖြစ်ကာ လူသစ် ခေါ်ယူရေး စတင်တော့မယ့်အကြောင်း LFCThaDin ဖတ်ရှုသူတွေကို ကျနော်တို့ ဖော်ပြခဲ့ပြီးပါပြီ။

အခုဆက်လက်ပြီး အသင်းကနေ ထွက်ခွာနိုင်ချေရှိတဲ့ ကစားသမား ၃ ဦးနဲ့ အသင်း ခေါ်ယူဖို့ ဆန္ဒရှိတဲ့ ကစားသမား ၃ ဦးအတွက် ဖြစ်လာနိုင်ဖွယ် ပြောင်းရွှေ့ကြေးကို ဖော်ပြပါမယ်။

ဂိုးမက်စ် – အသက် ၂၇ နှစ်အရွယ် ခံစစ်မှူးရဲ့ အနာဂတ်ကို လီဗာပူးဘက်က လမ်းဖွင့်ပေးထားပါတယ်။ ကစားသမားကို အတင်းအကျပ် ရောင်းထုတ်မှာ မဟုတ်သလို ထွက်ခွာလိုရင်လည်း တားဆီးမှာ မဟုတ်ပါဘူး။ သူ့အတွက် အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်းဖြစ်ပါတယ်။

ကာဗာရို – ဆောက်သမ်တန်က အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီသားအတွက် ပေါင် ၁၅ သန်းဖြင့် ချိတ်ဆက်ပေမယ့် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းရလိုခြင်းကြောင့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ၂၀၂၂ မှာ ကာဗာရိုကို ဖူလ်ဟမ်ကနေ ပေါင် ၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ကို အကျိုးခံစားခွင့်ပေးဖို့ သဘောတူထားပါတယ်။

ဘော်ဘီကလက် – နယူးကာဆယ် အကယ်ဒမီကနေ ပြောင်းလာတဲ့ ၁၉ နှစ်သားကို လီဗာပူးဘက်က ပုံမှန်ကစားခွင့်ရမယ့် အသင်းထံ အငှားချလိုတာပါ။ ဆဲလ်ဘတ်ဘက်က ပေါင် ၆ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး ပေါင် ၁၂ သန်းရမှ ရောင်းထုတ်လိုတာကြောင့် လီဗာပူးဘက်က ပယ်ချလိုက်ပါတယ်။

ဂေါ်ဒန် – ဇွန်လတုန်းက ဂိုးမက်စ်နဲ့ နယူးကာဆယ်တိုက်စစ်သမား အလဲအထပ် ကိစ္စအကြောင်း LFCThaDin ဖတ်ရှုသူတွေသိနိုင်ဖို့ ဖော်ပြခဲ့ပြီးပါပြီ။ အခုချိန်မှာ အင်္ဂလန်သားအတွက် သီးသန့် ကမ်းလှမ်းမှု ပြန်လုပ်ရမှာဖြစ်ကာ နယူးကာဆယ်ဘက်က ပေါင် သန်း ၇၀ အနည်းဆုံး ရလိုပါတယ်။

ဝါတန် – ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်မှာ ပါဝင်ခွင့်ရခဲ့တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ကွင်းလယ် နံပါတ် ၆ နှစ်ဦးတန်းမှာ ကစားသူပါ။ သူ့အတွက် ပဲလေစ့်က ပေါင် သန်း ၁၀၀ အထက်ရလိုပါတယ်။

ဂူဟီ – ယူရိုမစခင် ဂိုးမက်စ် အပြောင်းအရွှေ့ ကိစ္စကြောင့် အသင်းဘက်က ဂူဟီအကြောင်း ပဲလေစ့်ကို စုံစမ်းမှုလုပ်ခဲ့ပါတယ်။ အဲ့နောက်ပိုင်း ဆက်လက် ချိတ်ဆက်ခြင်း မရှိဘဲ လက်တလော နယူးကာဆယ်ဘက်က ကမ်းလှမ်းမှု လုပ်နေကာ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးအတွက် ပေါင် သန်း ၇၀ ရမှ နယူးကာဆယ်တို့ ရောင်းထုတ်ပေးမှာပါ။