လီဗာပူးအသင်း ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အလုပ်ရှုပ်တော့မှာပါ။ ဒါပေမယ့် အရင်ဆုံး ရင်းနှီးနေတဲ့ ကစားသမား တချို့ကို နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။
ဂျိမ်းမီနာ၊ နာဘီကီတာ၊ ဖာမင်နို၊ ချိန်ဘာလိန်တို့နဲ့အတူ ဂိုးသမား အေဒရီရန်နဲ့ အငှားကစားသမား အာသာမယ်လိုတို့ဟာ ဒီနွေရာသီ အသင်းကနေ ထွက်ခွာသွားတော့မှာပါ။
အရှေ့ဆုံးသုံးယောက်ကြောင့် ဒီနွေရာသီမှာ လီဗာပူးရဲ့ ဂန္တဝင်အတွင်ဆုံး နံပါတ်သုံးခုက လစ်လပ်သွားတော့မှာဖြစ်ပြီး မနှစ်က ဆာဒီယို မာနေး ထွက်သွားပြီးနောက်ပိုင်း နံပါတ် ၁၀ နေရာကိုလည်း ဖြည့်ဆည်းရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ရာသီမှာ လီဗာပူးရဲ့ လစ်လပ်နေတဲ့ ဂန္တဝင်နံပါတ်တွေနဲ့ ဘယ်သူတွေက အဲ့နံပါတ်ကို ဝတ်ဆင်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်..
နံပါတ် ၇
လီဗာပူးသမိုင်းမှာ ဂန္တဝင်အဆန်ဆုံး နံပါတ်ကို ဟိုအရင်တုန်းက ဘီလီ လစ်ဒယ်၊ အီရန် ကယ်လာဂါ၊ ကီဗင် ကီးဂန်း၊ ကန်နီ ဒဲဂလစ်ချ်တို့ ဝတ်ဆင်ခဲ့ကြပါတယ်။ ဒီနံပါတ်ကို ဒဲဂလစ်ချ် ဝတ်ဆင်ထားတဲ့ပုံတွေက အခုထက်ထိ the Kop ပွဲကြည့်စင်မှာ ချိတ်ဆွဲထားဆဲပါ။ ဒီနံပါတ်က ကျိန်စာလိုမျိုး ခက်ခဲတဲ့ အခြေအနေကို ရောက်စေခဲ့တာလဲ ရှိပါတယ်။
ဗလာဒီမာရ် စမိုက်ဆာက ဒီနံပါတ်ရဲ့ဖိအားတွေကြာင့် နံပါတ် ၇ ကနေ နံပါတ် ၁၁ ကို ပြောင်းလိုက်ပြီးမှ ချန်ပီယံလိဂ်ဖလား ရခဲ့တာရှိပေမယ့် နောက်ဆုံး ဆယ်စုနှစ်အတွင်း နံပါတ် ၇ ဝတ်ဆင်ခဲ့ကြတဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ မီနာတို့ကတော့ ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။
မေဆန်မောင့်ဟာ လီဗာပူးနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိထားပြီး သူသာ ရောက်လာရင် မီနာရဲ့ နံပါတ် ၇ ကို အမွေဆက်ခံရနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ကလပ်ရော နိုင်ငံမှာပါ နံပါတ် ၁၉ ကို ပိုအကြိုက်တွေ့ခဲ့တာဖြစ်ပြီး တကယ်လို့ လီဗာပူးမှာလဲ သူနံပါတ် ၁၉ ယူချင်ရင် ဟာဗေးအဲလီယော့က နံပါတ် ၇ ယူပေးဖို့ ပြဿနာရှိမှာမဟုတ်ပါဘူး။ လူးဝစ်ဒီယက်ဇ်ကလဲ နောက်ထပ် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
နံပါတ် ၈
လီဗာပူးသမိုင်းတလျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ရော်ဂျာဟန့်ဟာ နံပါတ် ၈ ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး တွမ်မီစမစ်၊ အမ်လင် ဟူ့ဂျက်၊ ဂျင်မီကေ့စ်၊ တယ်ရီ မက်ဒါးမော့နဲ့ ဂျွန်အယ်ဒရစ်ချ်တို့လဲ ဝတ်ဆင်ခဲ့ဖူးပါတယ်။ စတန်ကော်လီမိုးနဲ့ အမ်မီလီ ဟက်စကီးတို့က ဒီနံပါတ်ကို ထောင်စုနှစ်အသစ်ဆီ ယူဆောင်လာပေးခဲ့တာဖြစ်ပေမယ့် ၂၀၀၄ မှာ စတီဗင်ဂျရတ်လက်ထက်ကျမှ တကယ့် ဂန္တဝင်တွင်ခဲ့တာပါ။ ၂၀၁၈ မှာ ကီတာ ရောက်လာတော့ ဂျရတ်ကနေတဆင့် ဒီနံပါတ်ကို လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
ဒီနွေမှာ လီဗာပူးအတွက် ကွင်းလယ်အားဖြည့်မှုက မဖြစ်မနေ လိုအပ်တာကြောင့်ကီတာရဲ့ ကျောနံပါတ်က အကြာကြီး လစ်လပ်နေမှာမဟုတ်ပါဘူး။ ဘယ်လင်ဟမ်ကို လက်လျှော့လိုက်တဲ့နောက် ဘိုင်ယန်ရဲ့ ဂရာဗင်ဘက်ချ်က အဓိက ပစ်မှတ်ဖြစ်လာပြီး ၎င်းဟာ အေဂျက်မှာရော ဂျာမနီမှာပါ နံပါတ် ၈ ဝတ်ဆင်သူဖြစ်ပါတယ်။ မေဆန်မောင့်ကလဲ နံပါတ်၈ အတွက် နောက်ထပ် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။
နံပါတ် ၉
လီဗာပူးရဲ့ ဂိုးသွင်းအများဆုံးဖြစ်တဲ့ အီယန်ရက်ရှ်ဟာ ကလပ်ကစားမားဘဝ ၂ကြိမ်အတွင်း နံပါတ် ၉ ကို ဝတ်ဆင် ခဲ့ရပါတယ်။ အဲ့ဒီ့နောက် ရော်ဘီဖောင်လာဆီ ရောက်ခဲ့ပြီး သူက ဒီနံပါတ်ရဲ့ ဂိုးသွင်းအစဉ်အလာကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒို တောရက်စ်နောက်ပိုင်း ဒီနံပါတ်က ကျိန်စာလို ဖြစ်လာခဲ့ကာ အန်ဒီကာရိုး၊ အီယာဂို အက်စ်ပက်၊ ရစ်ကီလမ်းဘတ်၊ ဘန်တီကီတို့အထိ ကြုံတွေ့ခဲ့ရပါတယ်။ ဖာမင်နိုရောက်လာပြီးနောက် ပထမ ၂ရာသီအတွင်း နံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နံပါတ် ၉ ကို ရယူခဲ့ပါတယ်။
ဒီနံပါတ်ကို ဆက်ခံရမယ့်သူကတော့ ခန့်မှန်းရလွယ်ပါတယ်။ ဒါဝင်နူညက်ဟာ ပထမရာသီအတွင်း အတက်အကျတွေ များခဲ့ပေမယ့် နောက်ရာသီမှာ နံပါတ်၉ အသစ်ကို ယူလိုက်ရင် သူ့ရဲ့ အလားအလာတွေကို ဖွင့်ထုတ်ဖို့ အကူအညီ ဖြစ်လောက်ပါတယ်။
နံပါတ် ၁၀
မနှစ်က နွေရာသီမှာ မာနေး ထွက်သွားကတည်းက နံပါတ်၁၀ကို ဘယ်သူမှ မထိပဲ ထားခဲ့ကြပါတယ်။ မာနေးက လီဗာပူး ဂန္တဝင်တစ်ယောက်ဖြစ်ပြီး ဖာမင်နိုလိုပဲ ခေတ်သစ်လီဗာပူးကို ဖော်ဆောင်ပေးခဲ့သူပါ။ ကော်တင်ညို ထွက်သွားပြီးနောက် ၆လအကြာ၊ ၂၀၁၈ နွေရာသီမှာ နံပါတ် ၁၀ ကို သူဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
နာမည်ကျော် နံပါတ် ၁၀ ဝတ်ဆင်ခဲ့သူတွေကတော့ လူးဝစ်ဂါစီယာ၊ မိုက်ကယ်အိုဝင်၊ ဂျို့ရှ်တိုရှက်၊ ဂျွန်ဘန်းစ်တို့ပဲ ဖြစ်ပါတယ်။ နံပါတ်၁၀ဟာ တကယ့် မက်မောစရာပါ။ မာနေးဟာ လိုအပ်တဲ့အချိန်တိုင်း လီဗာပူးအတွက် အဆုံးအဖြတ်ပေးခဲ့သူအဖြစ် အမြဲတမ်း ရှိနေပေးခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီနံပါတ်ကို ဆက်ခံမယ့် ဘယ်သူမဆို အလားတူ လုပ်ပေးနိုင်ဖို့ လီဗာပူး မျှော်လင့်နေမှာပါ။
ဖြစ်နိုင်သူတစ်ယောက်တော့ ဘရိုက်တန်ရဲ့ နံပါတ်၁၀ မက်ကယ်လစ်စတာပါပဲ။ အဲလီယော့၊ ကာတစ်ဂျုံးစ်တို့ကလဲ အလားအလာရှိတဲ့ လက်ရှိအသင်းသားတွေဖြစ်ပေမယ့် မက်ကယ်လစ်စတာကတော့ မာနေးရဲ့ ခြေရာနင်းဖို့ ဆုံးဖြတ်ထား လောက်ပါတယ်။