အထောင်မှာ ကစားရမယ့် ဒါဝင်၊ စပိန်သား ကွင်းလယ်လူကို ခေါ်ယူစေလိုခြင်း၊ ခံစစ်လည်း ခေါ်မှာပါဆိုတဲ့ ရိုမန်နိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းက နံပါတ် ၆ သမားသစ် ခေါ်မယ်လို့ ဆုံးဖြတ်လိုက်သလို အင်္ဂလန်ပြင်ပက ဖြစ်လာမယ့် အဆိုပါ ကစားသမားဟာ ရီးရဲလ်ဆိုစီဒက်မှ ဇူဘီမန်ဒီ ဖြစ်လာစေဖို့ ပရိသတ်တွေ ဆုတောင်းနေကြပါတယ်။

ဇူဘီမန်ဒီရဲ့ အေးဂျင့် Inaki Ibanez နဲ့ လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ဟာ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပါတယ်။ အေးဂျင့်နဲ့ လက်တွဲကာ Iraola ကို ဘုန်းမောက်အသင်းအတွက် ခေါ်ယူခဲ့ဖူးသလို ဇာဗီ အလွန်ဆိုအတွက်လည်း ဆွေးနွေးဖူးပါတယ်။

ဘွန်ဒက်လီဂါကလပ်တွေ စိတ်ဝင်စားကြပေမယ့် ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ လီဗာပူးမှာပဲ ဆက်ရှိနေနိုင်ပါတယ်။ ဗန်ဒန်ဘတ်ဟာ ကာဗာရိုနည်းတူ Homegrown ကစားသမား စာရင်းဝင်ပါတယ်။

ဘယ်အစွန်လူ လုခ်ချမ်ဘာဟာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းထံ အငှားခွက်ခဲ့ပြီဖြစ်ကာ အဆိုပါအသင်းမှာ ပုံမှန်ကစားခွင့်ရဖွယ် ရှိပါတယ်။

စပိန်သတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ ဂျော်ဂျီယာဂိုးသမား Mamardashvili အတွက် ပေါင် ၂၅ သန်း ဝန်းကျင် သုံးလိမ့်မယ်လို့ ဖော်ပြနေပါတယ်။

နည်းပြအာနယ် ဆလော့က ဒါဝင်ကို ဘယ်တောင်ပံမဟုတ်ဘဲ အထောင်တိုက်စစ်မှာ ကစားဖို့ ရည်ရွယ်ထားပါတယ်။

ဗန်ဒုတ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ် ၃ သင်းကတော့ ဘရန့်ဖိုဒ့်၊ လက်စတာနဲ့ ဆောက်သမ်တန်တို့ပဲဖြစ်ပါတယ်။

ရိုမန်နိုကတော့ လီဗာပူးအသင်းဟာ ကွင်းလယ်တင် မဟုတ်ဘဲ ခံစစ်ကိုလည်း အားဖြည့်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဝီဂန်အသင်းမှာ ကစားနေတဲ့ လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါရဲ့ သားဖြစ်သူကတော့ ဖခင်ရဲ့ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ကစားပြီဖြစ်ပါတယ်။

ဆိုလန်ကီဟာ စပါးကို ရောက်ဖို့ နီးစပ်လာခြင်းနဲ့အတူ လီဗာပူးအသင်းဟာ ပေါင် ၁၀ သန်း ဝန်းကျင် အကျိုးအမြတ်ရမှာပါ။ သူ့ကို ရောင်းချစဉ်က ပေါင် ၁၉ သန်းအပြင် အနာဂတ် ပြောင်းရွှေ့ကြေးမှ ၂၀% ခံစားခွင့် ထည့်သွင်းခဲ့ပါတယ်။