လီဗာပူးအတွက် ကစားပေးဖို့က အိပ်မက်ပါဆိုတဲ့ ဘရာဇီးကြယ်ပွင့်နဲ့ ဆိုလာကို ခေါ်မယ့်ကိစ္စ ငြင်းဆန်တဲ့ သတင်းထောက်

ဝေးလ်ကလပ် ဆွမ်ဆီးအသင်းမှာ ကစားနေတဲ့ အသက် ၂၃ နှစ်အရွယ် ဘရာဇီး တောင်ပံသမား ရော်နယ်က အနာဂတ်မှာ လီဗာပူးအတွက် ကစားပေးခွင့်ရလိုတယ်လို့ ထုတ်ပြောလာပါတယ်။

ဘရာဇီးသားတို့ရဲ့ ထုံးစံအတိုင်း စပိန်ထိပ်သီးနှစ်သင်းမှာ ကစားခွင့်ရလိုသလို အင်္ဂလန်ကလပ်တွေထဲမှာ လီဗာပူးက သူ့ရဲ့ အိပ်မက်အသင်းဖြစ်ထားတာပါ။

ရော်နယ်က “ ကစားသမားတိုင်းက ကမ္ဘာ့အကောင်းဆုံး ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ လီဗာပူး၊ မီလန်တို့အတွက် ကစားပေးဖို့ အိပ်မက်ရှိကြပါတယ်။

တစ်ရက်မှာ ဒီအသင်းတွေအတွက် ကစားပေးခွင့်ရတာမျိုး မလိုချင်ဘူးဆိုရင် ကျနော် ညာတာပါပဲ။ ဒါပေမယ့် အခုချိန်မှာ ဆွမ်ဆီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျနော် ကစားသမားဘဝမှာ ဒီအသင်းက အကြီးကျယ်ဆုံးအသင်းဖြစ်နေပြီးပါပြီ ” လို့ မှတ်ချက်ပေးလာပါတယ်။

ဆိုလာကို လီဗာပူးခေါ်မယ့်သတင်း မဟုတ်မှန်

တောင်အမေရိက နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ García Grova နဲ့တကွ အာဂျင်တီးနား သတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ အသက် ၁၉ နှစ်အရွယ် ဘယ်အစွန်လူ ဟူလီယို ဆိုလာကို ကမ်းလှမ်းမှု လုပ်တော့မယ့် ဖော်ပြလာပါတယ်။

ဒီကိစ္စအတွက် လီဗာပူးနဲ့နီးစပ်တဲ့ မာဆေးဆိုဒ်သတင်းထောက် Ian Doyle ကတော့ ” ကျနော် သိထားသလောက်တော့ အခုချိန်မှာ လီဗာပူးက ဟူလီယို ဆိုလာကို စိတ်ဝင်စားနေခြင်း မရှိပါဘူး ” လို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။