ဒီရာသီ ကျောနံပါတ် ပြောင်းကစားဖွယ်ရှိတဲ့ လီဗာပူးကြယ်ပွင့် ကစားသမားများ

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ မတိုင်ခင် ရာသီကြိုအတွင်း လီဗာပူးအသင်းမှာ ကျောနံပါတ် ၁ ကနေ ကျောနံပါတ် ၉၈ ထိ ဝတ်ဆင်မှုတွေ ရှိနေကြပေမယ့် မကြာခင်မှာ ကျောနံပါတ် ပြောင်းလဲဝတ်ဆင်မှုတွေ ဖြစ်လာဖွယ် ရှိနေပါတယ်။

မနှစ်ကရာသီ လီဗာပူးအသင်းရဲ့ ကျောနံပါတ် ၁၁ အတွင်း ကစားသမား ၁၁ ဦးထဲက နံပါတ် ၆ ဝတ်ဆင်ကစားတဲ့ သီယေဂိုဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ တတိယဂိုးသမား အတ်ဒရီယန် ထွက်ခွာလို့ နံပါတ် ၁၃ လည်း လစ်လပ်နေတာပါ။

နံပါတ် အငယ်တွေထဲက ၁၂-၁၃-၁၄-၁၅-၁၆ တို့ဟာ လက်ရှိ ဝတ်ဆင်သူ မရှိသလို နံပါတ် ၂၂-၂၃-၂၄-၂၅ တို့ကိုလည်း ရွေးချယ်လို့ရနိုင်ပါတယ်။ နံပါတ် ၂၂ ကတော့ အငှားထွက်သွားတဲ့ ရမ်ဆေး ဝတ်ခဲ့တဲ့ နံပါတ်ဖြစ်ပါတယ်။

ကွမ်းဆက်၊ ကလယ်ဟာ၊ ဘရတ်ဒလေ၊ ဗန်ဒန်ဘတ်၊ မော်တန်၊ ဘာ့ဂျ်ဆဲတစ်တို့ဟာ အကယ်ဒမီအသင်းသားတွေ စီနီယာအသင်းမှာ ဝတ်လေ့ရှိတဲ့ နံပါတ် အကြီးတွေ ဝတ်ဆင်နေတာဖြစ်ပြီး အချို့ကတော့ ပိုမိုနေရာရလာဖို့ ရှိနေတာကြောင့် ကျောနံပါတ်သစ်တွေ ရွေးချယ်လာဖွယ် ရှိပါတယ်။

မနှစ်ကရာသီ စီနီယာအဆင့်ကို တက်လာခဲ့တဲ့ ခံစစ်မှူး ကွမ်းဆက်ဟာ ကျောနံပါတ် ၇၈ ကို ဝတ်ဆင်နေတာပါ။ ပုံမှန်ပွဲထွက်ခွင့်ရသူ တစ်ဦးအဖြစ် သူဟာ နံပါတ် အငယ်တစ်ခုကို ရွေးချယ်လာဖွယ်ရှိကာ နံပါတ် ၆၊ နံပါတ် ၁၂ နဲ့ ကာရေဂါရဲ့ နံပါတ်ဟောင်းဖြစ်တဲ့ ၂၃ တို့ကို ရွေးချယ်ခွင့်ရနိုင်ပါတယ်။

လက်ရှိ ကျောနံပါတ် ၆၂ ကို ဝတ်ဆင်နေတဲ့ ကလယ်ဟာ အနေနဲ့လည်း အရန်ဂိုးသမားတွေ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ် ၁၃ ကို ပြောင်းလဲဝတ်ဆင်နိုင်ပါတယ်။

နံပါတ် ၈၄ ဝတ်ဆင်နေတဲ့ ညာအစွန်လူ ဘရတ်ဒလေအတွက်က ကျောနံပါတ် ၁၂ ဟာ ရွေးချယ်လို့ကောင်းပြီး ဗန်ဒန်ဘတ်၊ မော်တန်၊ ဘာ့ဂျ်ဆဲတစ်တို့ကလည်း အသင်းမှာ ဆက်နေခွင့်ရရင် နံပါတ် အငယ်တွေကို ပြောင်းလဲဝတ်ဆင်တာမျိုး ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းမှာ နံပါတ်အကြီးဆုံး ဝတ်ဆင်နေတဲ့ စီနီယာအသင်းသားက ကျောနံပါတ် ၆၆ ပိုင်ရှင် ထရန့်ဖြစ်ပြီး လူငယ်တွေထဲမှာတော့ ကွင်းလယ်လူ နိုင်ယွန်နီက ကျောနံပါတ် ၉၈ ဝတ်ဆင်ကာ ဂိုးသမား ပီတာလူးဂါက ကျောနံပါတ် ၉၇ ဝတ်ဆင်နေတာပဲဖြစ်ပါတယ်။