လီဗာပူးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တနင်္လာနေ့ညမှ လက်စတာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
လက်စတာက တန်းဆင်းဇုန်မှာ ရှိနေတာကြောင့် အိမ်ကွင်းအားနဲ့ ရုန်းလာမှာ ဖြစ်လို့ ဒီပွဲက လီဗာပူးအတွက် ခက်ခဲနိုင်ပါတယ်။ လက်စတာ နည်းပြ ဒင်းစမစ်ကလည်း လီဗာပူးကို ဘယ်လို အနိုင်ယူဖို့ စီစဉ်ထားသလဲ ဆိုတာ ပွဲကြိုမှာ အခုလို ဖွင့်ဟလာပါတယ်။
” သူတို့ နိုင်ပွဲဆက်နေတာ ၆ ပွဲ ရှိပြီ ထင်တယ်။ ဒါကို ကြည့်မယ်ဆိုရင်တော့ ‘ ဟာ ငါတို့ သူတို့ကို ရင်ဆိုင်ရတာတော့ ခက်ခဲမှာပဲ ‘ လို့ တွေးမိမှာပဲ။ ဒါပေမယ့် လီဗာပူးက ဒီရာသီမှာ ခါတိုင်းလောက် အဝေးကွင်းပွဲတွေ မနိုင်ပါဘူး။
ကျနော် ထင်တာ မမှားဘူး ဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေထဲ ရမှတ် ၃ဝ ရနိုင်တဲ့ထဲက သူတို့ ၁၀ မှတ်ပဲ ရထားတယ်။
ဒီတော့ ကျနေ်ာတို့လည်း ဘရိုက်တန်တို့ ဘရန့်ဖို့ဒ်တို့လို စွမ်းဆောင်ရည်မျိုးနဲ့ သူတို့ဆီကနေ အမှတ်ရအောင် သေချာ ယူရမှာပါ။ အဓိက အချက်က ကိုယ့်ကစားသမားတွေ စွမ်းဆောင်ရည် ၁ဝ ရှိရင် ၇-၈ လောက်ထိ ရအောင် ညှစ်ထုတ်ဖို့ပဲ။
ဘောလုံး ယှဉ်လုတာတွေ နိုင်ရမယ်။ ပြေးတာ ပိုမြန်ရ သွက်ရမယ်။ ပြိုင်ဘက်ထက် ဘောလုံးကို ပိုပြီး ကောင်းကောင်း သုံးတတ်ရမယ်။ ဒါဆိုရင် ကျနော်တို့မှာလည်း အနိုင်ရဖို့ အခွင့်အရေးကောင်း ရှိပါတယ်။ ” လို့ ဒင်းစမစ်က ပြောဆိုခဲ့ပါတယ်။
လက်စတာ က နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ တစ်ပွဲသာ နိုင်ထားပြီး အဆင့် ၁၇ နေရာမှ အဲဗာတန် နောက် နှစ်မှတ် အကွာ အဆင့် ၁၈ မှာ ရပ်တည်နေတာပါ။
ဒါကြောင့် လက်စတာတို့ သရေတောင် ကျလို့မရဘဲ တန်းမဆင်းရအောင် နိုင်ပွဲ အရယူဖို့ ကင်းပါဝါကွင်းမှာ အစွမ်းကုန် ကစားဖို့ ဦးတည်နေပါတယ်။