အာနယ်ရဲ့ စီနီယာ လူစာရင်းကနေ ဖယ်ထုတ်ခံလိုက်ရတဲ့ လီဗာပူး အသင်းသား (၄) ဦး

အမေရိကန် ရာသီကြိုကနေ လီဗာပူးကို ပြန်လာပြီးတဲ့နောက်မှာ နည်းပြအဖွဲ့ဟာ လူစာရင်းကို ပိုမို အာရုံစိုက်နိုင်ဖို့ ကြယ်ပွင့်အချို့ကို ခွဲထုတ်ထားပြီဖြစ်ပါတယ်။

လူငယ် အချို့ဟာ ယူ-၂၁ နဲ့ ယူ-၁၈ အဆင့်တွေကို ပြန်သွားရပြီဖြစ်ကာ အဓိက ကစားသမားအဖွဲ့ကပဲ စီနီယာအသင်းနဲ့အတူ ကျန်ရှိကာ ရာသီကြို ပြင်ဆင်မှု ဆက်လုပ်နေတာပါ။

ဗုဒ္ဓဟူးနေ့တုန်းက အစ်ဝစ်ချ်အသင်းကို ၅-၂ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ ယူ-၂၁ အသင်းမှာ အမေရိကန်ရာသီကြိုမှာ လိုက်ပါခွင့်ရခဲ့တဲ့ ကြယ်ပွင့် ကစားသမားအချို့ ပါဝင်ကစားခဲ့ပါတယ်။

နွေမှာ အငှားထွက်မယ်လို့ နာမည်ကြီးနေတဲ့ ဗန်ဒုတ်နဲ့ အသင်းဘက်က ပေါင် သန်း ၂၀ စျေးခေါ်ထားတဲ့ မော်တန်တို့ နှစ်ဦးက လက်ရှိမှာ ဘယ်ရီလွီတက်စ်ရဲ့ ယူ-၂၁ အသင်းအတွက် ကစားပေးနေတာမို့ ရာသီသစ်အတွက် စီနီယာအသင်းမှာ မရှိဖို့ သေချာနေပါပြီ။

တိုက်စစ်သမားတွေဖြစ်တဲ့ ဟာဗေးဘလယ်နဲ့ လူးဝစ် ကူးမက်စ်တို့ဟာ နောက်ရာသီအတွက် ယူ-၂၁ အသင်းအတွက်ပဲ ဆက်ကစားပေးရမှာဖြစ်ပါတယ်။

မနှစ်ကရာသီမှာ တောက်ပခဲ့ပေမယ့် ဒဏ်ရာကြောင့် အမေရိကန် ရာသီကြိုကို လွဲချော်ခဲ့တဲ့ ဂျေဒန်ဒန့်စ်ကတော့ ဒဏ်ရာကြောင့် ၂ လခန့် အနားယူရမှာဖြစ်ကာ အငှားထွက်ဖို့ကိစ္စလည်း ပျယ်ပြယ်ခဲ့ပါတယ်။

ဘာ့ဂျ်ဆဲတစ်၊ ကာဗာရို၊ ဗန်ဒန်ဘတ်၊ ဘရတ်ဒလေတို့ကတော့ စီနီယာအသင်းအတွက် ဆက်ခေါ်ခံထားရတာမို့ လာမယ့်ရာသီ အသင်းရဲ့ ပလန်တွေထဲ ပါဝင်သွားတော့မှာ ဖြစ်ပါတယ်။