NEWS: လီဗာပူးကို မပြောင်းဖို့ ဆိုစီဒက်ဘက်က ဇူဘီမန်ဒီကို ဖိအားပေးနေခြင်းနဲ့ နောက်ဆုံးရ အခြေအနေ

ရီးရဲလ်ဆိုစီဒက်အသင်းဟာ လီဗာပူးပစ်မှတ် မာတင် ဇူဘီမန်ဒီကို လာလီဂါမှာပဲ ဆက်နေဖို့ သွေးဆောင် စည်းရုံးမှု လုပ်ဆောင်နေကြောင်း The Times သတင်းထောက် Paul Joyce က ဖော်ပြလာပါတယ်။

အသက် ၂၅ နှစ်အရွယ် စပိန်ကွင်းလယ်လူကို အသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် ချိန်ရွယ်ကြောင်း မနေ့တုန်းကပဲ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် တက်လာခဲ့တာပါ။

ဒီနွေစျေးကွက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်တွေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေဘက်က ကမ်းလှမ်းခြင်း ခံခဲ့ရပေမယ့် ဇူဘီမန်ဒီဟာ သူ့ရဲ့ ငယ်မွေးခြံပေါက် အသင်းမှာပဲ ဆက်နေခွင့်ရဖို့ ကလပ် အားလုံးကို ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။

ဒီနွေမှာ ဆိုစီဒက်ဘက်က ခံစစ်သမား နောမန်ကို အက်သလက်တီကို မက်ဒရစ်ထံ ပေါင် သန်း ၃၀ ဖြင့် ရောင်းချခဲ့ပြီးပါပြီ။ ကွင်းလယ်လူ မော်ရီနိုကို အာဆင်နယ်ဘက်က ခေါ်ယူလိုနေချိန် ဇူဘီမန်ဒီကိုပါ ထပ်မံ လက်လွတ်ရတာမျိုး မဖြစ်လိုတာပါ။

လီဗာပူးအသင်းနဲ့ ပြောင်းရွှေ့ကြေး ညိနှိုင်းမှု မလုပ်ရသေးစဉ်မှာပဲ လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ဖို့ ဇူဘီမန်ဒီအား ရီးရဲလ်ဆိုစီဒက်အသင်း အကြီးအကဲတွေက တိုက်တွန်းမှုနဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေပါတယ်။

လာလီဂါကလပ်ဟာ ကစားသမားဘက်က အသင်းပြောင်းလိုတယ် ဆိုရင်တော့ အတင်းအကြပ် တားဆီးသွားဖွယ် မရှိပါဘူး။ အခုချိန်မှာ ကစားသမားရဲ့ ဆန္ဒကပဲ အပြောင်းအရွှေ့ ဖြစ်မြောက်မှုအပေါ် သက်ရောက်လာမှာဖြစ်ပါတယ်။

လီဗာပူးဘက်က အလေးအနက် စိတ်ဝင်စားမှုဖြင့် အားထုတ်လာသလို ဆိုစီဒက်ဘက်ကလည်း မရောင်းလိုကြောင်း ဖော်ပြလာပေမယ့် အခုချိန်ထိတော့ ကစားသမား ကိုယ်တိုင်ရဲ့ သဘောထားကို မသိရသေးတာဖြစ်ပါတယ်။