အူဂူတောင်တန်း၊ မင်းချစ်ရတဲ့ သူငယ်ချင်းတွေ၊ မင်းချစ်ရတဲ့ ဒေသစာတွေကို စွန့်ခွာရက်သလား ဇူဘီမန်ဒီ

ရီးရဲလ်ဆိုစီဒက်ဟာ သူတို့အသင်း အဓိက ကစားသမားဖြစ်တဲ့ ဇူဘီမန်ဒီကို လီဗာပူးဘက်က ချိတ်ဆက်လာတဲ့နောက် ဆက်ဆွဲထားနိုင်ရေး အပြင်းအထန် အားထုတ်လာပါတယ်။

ဆိုစီဒက်ဟာ ဒီနွေမှာ အဓိက ခံစစ်သမား နော်မန်ကို အက်သလက်တီကို မက်ဒရစ်ထံ လက်လွတ်ထားရပြီး ပြန်အစားမထိုးနိုင်သေးပါဘူး။ ကွင်းလယ်လူ မော်ရီနိုကလည်း အာဆင်နယ်ကို ပြောင်းတော့မှာမို့ ဇူဘီမန်ဒီကိုပါ လက်မလွတ်ရဖို့ ကြိုးစားလာပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ လာလီဂါကလပ်ဟာ အသုံးစရိတ် လုံလောက်စွာ ရနေပြီမို့ ဇူဘီမန်ဒီအတွက် ပေါင် ၅၁ ကို အရေးကြီး လိုအပ်တော့တာမျိုး မဟုတ်ပါဘူး။

ဆိုစီဒက်ဟာ အသက် ၁၁ နှစ်သား အရွယ်တည်းက သူတို့အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ဇူဘီမန်ဒီကို ဆက်ထိန်းနိုင်ရေး အင်္ဂလန်အနောက်မြောက်ဒေသ မာဆေးဆိုဒ်မှာ နေထိုင်ရမယ့် လူမှုပုံစံထက် စပိန်အနောက်ပိုင်းဒေသမှာ နေထိုင်ရတာ ဘာတွေ အားသာချက်ရှိလဲ ပြသနိုင်ဖို့ presentation တောင် လုပ်ပြပြီး စည်းရုံးခဲ့ပါတယ်။

ဆန်ဆီဘတ်စတီယန် ဒေသရဲ့ အတက်အဆင်းလုပ်လို့ကောင်းတဲ့ အူဂူတောင်တန်း၊ မင်းချစ်ရတဲ့ ငယ်သူငယ်ချင်းတွေ၊ မင်းချစ်ရတဲ့ ဒေသစာတွေကို စွန့်ခွာပြီး ဆိုးရွားတဲ့ ရာသီဥတုရှိရာ အင်္ဂလန်ကို ပြောင်းသွားရက်သလား ဇူဘီမန်ဒီ ဆိုတဲ့ ဆိုစီဒက်ရဲ့ စည်းရုံးမှုဟာ ထရန့်ကို ရီးရဲလ်မပြောင်းဖို့ လီဗာပူးပရိသတ်တွေ တားဆီးလိုခြင်း စိတ်ဆန္ဒနည်းတူ အားကောင်းနေပါတယ်။

ဆိုစီဒက်အတွက်တော့ ဇူဘီမန်ဒီအတွက်ရမယ့် ငွေကြေးထက် သူ့ကို ဆက်ထိန်းနိုင်ဖို့ကပဲ ဦးစားပေးဖြစ်ပါတယ်။ ဒါကြောင့် အသင်းအကြီးအကဲတွေ တိုက်ရိုက် ပါဝင် တားဆီးနေသလို နည်းပြဖြစ်သူကလည်း တစ်ရာသီ ဆက်နေဖို့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးနေပါတယ်။

ဇူဘီမန်ဒီ ဆက်နေပေးမယ်ဆိုရင် လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ယူရို ၆၀၀၀၀ နီးနီးကို တိုးပေးမယ့် စာချုပ်သစ်လည်း ပေးမှာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ရာမှာ ကောင်းမွန်တဲ့ တုန့်ပြန်မှုရခဲ့တာမို့ ချိတ်ဆက်ရေးကိစ္စတွေ စတင်ခဲ့ခြင်းလို့ နားလည်ရတယ်။ ကစားသမားက လီဗာပူးကို ပြောင်းလိုစိတ်ရှိထားကာ ဆိုစီဒက်ရဲ့ စည်းရုံးမှုမှာ အတွေးပြောင်း မပြောင်း ဒီအပတ်အတွင်း သိရပါမယ်။

ဆိုစီဒက်အတွက် ဇူဘီမန်ဒီရဲ့ အရေးပါမှုဟာ လီဗာပူးအတွက် ထရန့်ရဲ့ အရေးပါမှုနဲ့ အတူတူပဲဖြစ်လို့ လာလီဂါကလပ်ရဲ့ သူတို့ ငယ်မွေးခြံပေါက် ကစားသမားကို လက်မလွတ်လိုခြင်းအပေါ် လေးစားမှုပေးရမှာဖြစ်ပါတယ်။