ကွင်းလယ်အတွင်းမှာ အလုပ်ဖြစ်တဲ့ ဂရာဗင်ဘက်ချ်၊ အဓိက နံပါတ် ၉ သမားဖြစ်နေတဲ့ ဂျိုတာ၊ လူငယ်လေး နိုင်ယွန်နီ တောက်ပနေခြင်းနဲ့ ဆီးဗီးလာပွဲအပြီး စကားပြောစရာများ

လီဗာပူးအသင်းဟာ ဆီးဗီးလာနဲ့ ခြေစမ်းပွဲကို ၄-၁ ဖြင့် အနိုင်ရပြီး ရာသီကြိုမှာ ရာနှုန်းပြည့် နိုင်ပွဲ ဆက်ယူနေဆဲပါ။ သွင်းဂိုးတွေကို ဂျိုတာ၊ ဒီယက်ဇ် (၂ ဂိုး)၊ နိုင်ယွန်နီတို့က သွင်းယူပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် လူရွေးနေခြင်းလား

နည်းပြ အာနယ် ဆလော့ဟာ ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေက ပြန်လာပြီဖြစ်တဲ့ အယ်လီဆန်၊ ဗန်ဒိုက်၊ ဒီယက်ဇ်၊ မာကာ၊ ထရန့်တို့ကိုပါ ထည့်ပြီး တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။

ဒီပွဲအပြီး လာပါမက်စ်နဲ့ပါ ဆက်တိုက်ကန်မှာမို့ ကလယ်ဟာ၊ ကိုနတေး၊ ဟာဗေး၊ ဒါဝင်၊ ဂက်ပိုတို့ကို အဆိုပါပွဲအတွက် ချန်ခဲ့ကာ ဘာ့ဂျ်ဆဲတစ်၊ နိုင်ယွန်နီ၊ ဂျာရိုစ့်တို့ကို အရန်စာရင်းက ထည့်လာပါတယ်။ ဒုတိယပွဲကတော့ ကွင်းပိတ်ကစားမှာမို့ ကြည့်ရဖို့ သေချာမှာ မဟုတ်ပါဘူး။

လူမေးများတဲ့ မေးခွန်းတွေအတွက် အဖြေထွက်လာ

ဆီးဗီးလာဘက်ကလည်း တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်လာတာဖြစ်လို့ လီဗာပူးအတွက် နှစ်သက်ဖွယ် ခြေစမ်းပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အဓိက မေးခွန်း ၃ ခုလောက်အတွက် အဖြေကို ပရိသတ်တွေ ရခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ကွင်းလယ်တာဝန်တွေပါ တွဲယူခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ နေရာဟောင်းဖြစ်တဲ့ ညာအစွန်လူ နေရာမှာပဲ ဆက်ကစားရပါတယ်၊ ဂရာဗင်ဘက်ချ်ကို ကလော့ပ် လက်ထက်ကလို နံပါတ် ၈ သမား မဟုတ်တော့ဘဲ နံပါတ် ၆ သမား ပိုဆန်သွားတယ်။ အထောင်မှာ ဂျိုတာ ဖြစ်ပါတယ်။

ဂျိုတာ၊ ဒါဝင်နဲ့ ဂက်ပိုထဲက ဘယ်သူဟာ ဦးစားပေး နံပါတ် ၉ နေရာရမလဲ နောက်လထဲမှာတော့ ပိုသိသာလာပါမယ်။ ဆာလာနဲ့ ဒီယက်ဇ်တို့ကို တောင်ပံတွေမှာ ပိုကစားစေပြီး ဂျိုတာနဲ့အတူ တိုက်စစ်တာဝန်ကို ကွင်းလယ်က ဆိုဘိုစလိုင်ကို ပေးထားတဲ့ ပုံစံမှာ ထရန့်ကော ကိုစတက်ပါ တိုက်စစ်လိုက်ခွင့်တွေတော့ ရခဲ့ပါတယ်။

လီဗာပူးရဲ့ နံပါတ် ၆ သမား

နည်းပြအာနယ် ဆလော့က ဂရာဗင်ဘက်ချ်ဟာ နံပါတ် ၆ နေရာမှာ ကောင်းကောင်းကစားနိုင်တယ် ပြောခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ ယူနိုက်တက်ပွဲမှာကော ဒီနေ့ ဆီးဗီးလာပွဲမှာပါ အတွင်းလူနေရာမှာ သုံးခဲ့ပါတယ်။

6 Role မှာ ဂရာဗင်ဘက်ချ်က မာကာနဲ့အတူ တွဲတာဝန်ယူရာမှာ အဖြန့်ပိုင်းတွေကော ပြိုင်ဘက်ကစားကွက် ဖြတ်တောက်ရာတွေမှာပါ ထူးချွန်ခဲ့တယ်။ နည်းပြအာနယ်ဆလော့က ဂျုံးထက် ဂရာဗင်ဘက်ချ်ကို ပိုသဘောတွေ့တယ်လို့ သုံးသပ်မိပြီး သူကလည်း ကစားကွက်ထဲမှာ အံဝင်နေပါတယ်။

တစ်ခုထူးခြားတာက နိုင်ယွန်နီကို လူစားလဲချိန်မှာ ဘယ်တောင်ပံကို ကစားစေတာပါ။ အရင်ပွဲတွေမှာ ၁၇ နှစ်သားလေးက ကွင်းလယ်အတွင်းပိုင်းမှာ ခြေစွမ်းပြ ကစားခဲ့တာဖြစ်ပါတယ်။

နည်းပြသစ် ကြယ်ပွင့်သစ်

ကလော့ပ် လက်ထက်မှာ နေရာအနည်းငယ်ရခဲ့တဲ့ ဘော်ဘီကလက်ကို အသင်းဘက်က ရောင်းချတော့မှာဖြစ်ပါတယ်။ မနှစ်ကမှ အသင်းကို ရောက်လာသလို ကလော့ပ် နေရာပေးချိန် မရခဲ့တဲ့ နိုင်ယွန်နီက အာနယ် ဆလော့ လက်ထက်မှာ အခွင့်အရေး ရဖွယ် ရှိပါတယ်။

ဒီနွေမှာ အသင်းဟာ နေရာမပေးနိုင်တဲ့ ကာဗာရို အပါအဝင် လူငယ်အချို့ကို ခပ်မြန်မြန်ပဲ ရှင်းထုတ်ပြီး နောက်ထပ် မျိုးဆက်တွေအတွက် နေရာလွတ် ဖန်တီးပေးတာမျိုး လုပ်လာနေပါတယ်။

အောင်မှတ်ရတဲ့ နည်းပြဆလော့

ဒီပွဲဟာ နည်းပြဆလော့အတွက် အန်ဖီးမှာ ပထမဆုံး တာဝန်ယူတဲ့ပွဲဖြစ်ပါတယ်။ ပွဲအပြီး ပရိသတ်တွေရဲ့ တုန့်ပြန်ချက်ကို လေ့လာကြည့်ရသလောက် အောင်မှတ်ကောင်းကောင်းရခဲ့ပါတယ်။

အသင်းလိုက်ပုံစံနဲ့ တစ်ဦးချင်း ပုံစံတွေမှာ ဆလော့က ကောင်းကောင်းကြီး နေရာချပေးနိုင်တယ်လို့ ထင်မြင်ချက်တွေရနေပါတယ်။ မနှစ်က လီဗာပူးကို ဖလားလမ်းကြောင်းက ဖယ်ထွက်သွားစေတဲ့ တိုက်စစ်ပိုင်း ဂိုးရယူနိုင်စွမ်းတွေ ဒီရာသီမှာ တိုးတက်လာမယ် မျှော်လင့်နေကြပါတယ်။

ဂျိုတာရဲ့ သွင်းဂိုးက ထိပ်တန်းအဆင့်ဖြစ်သလို ဒီယက်ဇ်ရဲ့ ဒုတိယဂိုးကလည်း အဆင့် မနိမ့်လှပါဘူး။ ဒီယက်ဇ်ရဲ့ တတိယဂိုးဟာ အယ်လီဆန်က စလိုက်တဲ့ ကစားကွက် တည်မှုကို ဆာလာအထောက် ဂျိုတာအဖြန့် တွဲလုံးကနေ ရခဲ့တာဖြစ်ပါတယ်။ ဒီရာသီကြိုမှာ ဒီပုံစံ မကြာခဏမြင်နေရပြီး အပြေးသမားအဖြစ် ဆိုဘိုစလိုင်က လိုင်းကို ကျော်ပြေးပေးခဲ့တာပါ။

ဆာလာရဲ့ အရေးပါမှုက ကြီးမားနေဆဲဖြစ်ပြီး ဧရိယာထိပ်က အခွင့်အရေး ဖြုန်းတီးမှု အချို့ မြင်ခဲ့ရပါသေတယ်။ နိုင်ယွန်နီရဲ့ ပိတ်ချက်ကလည်း ထိပ်တန်းအဆင့်မှာ ရှိပါလိမ့်မယ်။

ဆီးဗီးလာရဲ့ သွင်းဂိုးမှာ ထရန့်နဲ့ ကွမ်းဆက်တို့ရဲ့ ကာကွယ်ပုံက လိုအပ်ချက် အနည်းငယ် ရှိခဲ့ပေမယ့် ဘောလုံးရာသီထဲ ဝင်ရောက်လာရင် ဒီအားနည်းချက်တွေကို ဖာထေးမိလာဖို့ မျှော်လင့်ပါတယ်။