ဒီရာသီက လီဗာပူး သင်ခန်းစာ ယူရမယ့် ဘောလုံးရာသီ တစ်ခု ပဲ လို့ ခံယူထားတဲ့ အလက်ဇန်းဒါး အာနိုး

လီဗာပူး အသင်းဟာ ဖလားလက်မဲ့ ရာသီကို နောက်မှာ ချန်ထားခဲ့ဖို့ ကြိုးစားနေသလို ခက်ခဲ ရုန်းကန်ရတဲ့ ရာသီက သူ့ကို ပိုပြီးတော့တောင် ကောင်းလာစေဖို့ တွန်းအားပေး လိမ့်မယ်လို့ ထရန့် အလက်ဇန္ဒား အာနိုးက ယုံကြည်နေ ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို လက်မလျှော့သေးပေမယ့်လည်း အက်ဖ်အေ ဖလား၊ ကာရာဘောင်း ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ မနှစ်က ရာသီနဲ့မတူပဲ ဖလားလက်မဲ့ ဖြစ်နေတော့မှာပါ။

အသင်းရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည် တချို့ကို မြင်တွေ့ခဲ့ရပြီးနောက် ချီးကျူးမှုတွေထက် ဝေဖန်မှုတွေက ပိုများခဲ့တယ် လို့ အာနိုးက ဝန်ခံခဲ့ပါတယ်။

“အရင် ရာသီတွေလိုမျိုး ကျွန်တော့်အတွက် အဆင်ပြေပြေ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ ပွဲတွေလဲ ရှိခဲ့ပါတယ်။ ဒါကတော့ တိုးတက်အောင် သင်ခန်းစာ ယူလို့ရတဲ့ ရာသီတစ်ခု ဖြစ်ခဲ့တာပါ” လို့ အာနိုးက ပြောပါတယ်။

ခြေစွမ်း ကျဆင်းခဲ့တာက အာနိုး တစ်ယောက်တည်း မဟုတ်ဘဲ လီဗာပူးတစ်သင်းလုံး ဖြစ်ခဲ့ပြီး ၎င်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင် ရခဲ့သလိုမျိုး အံ့ခမန်းဖွယ်ရာတွေကနေ ဝုဗ်ကို ၃-၀ နဲ့ ရှုံးသလိုမျိုး မယုံနိုင်စရာတွေ ကြုံတွေ့ခဲ့ရတာပါ။

“ဒီရာသီမှာ အသင်းအတွက်ရော ကျွန်တော် ကိုယ်တိုင် အတွက်ပါ ချဉ်းကပ်ပုံက အတူတူပါပဲ။ ဘာမှ မကွာဘူးလို့ မြင်ပါတယ်။ မနှစ်က ကမ္ဘာ့အဆင့် အသင်း တစ်သင်း၊ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက် အဖြစ် ကနေ အဲ့ဒီ အရည်အသွေး၊ လုပ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့တာပါ။

ဒါကြောင့် တစ်ဦးချင်းရော အသင်းလိုက်အနေနဲ့ပါ ကျွန်တော် ဘာတွေအောင်မြင်နိုင်တယ်၊ ဘယ်လိုအရည်အသွေးတွေ ရှိတယ် ဆိုတာ သိပါတယ်။ ဆိုးရွားတဲ့ ရာသီတစ်ခု၊ ရလဒ်နဲ့ စွမ်းဆောင်ရည်တစ်ခုက ကျွန်တော့်မှာရှိနေတဲ့ ယုံကြည်မှု ကို ပျောက်ဆုံးသွားစေမှာ မဟုတ်ပါဘူး။ ဒီရာသီကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘာလို့လဲ ဆိုတော့ ခက်ခဲတဲ့အချိန်တွေမှာ အားလုံးအတူတူ စည်းလုံးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိပြီး ကွင်းထဲမှာ အချင်းချင်း အတွက် တိုက်ပွဲဝင်ကြတယ်။ အဲ့ဒါက အသင်းလိုက် ပိုပြီး နီးစပ်စေပါတယ်။ နိုင်ပွဲ လမ်းကြောင်း ပေါ် ပြန် ရောက်သွားတာနဲ့ စပြီး ယုံကြည်မှု ရှိလာတယ်။ နည်းနည်းလေး စလိုက်တာနဲ့ သူ့ဘာသူ အရှိန် ရသွားမှာပါ”လို့ အာနိုးက ပြောဆိုခဲ့ပါတယ်။