ကလက်အတွက် ပေါင် ၈.၂ သန်း၊ ဗန်ဒိုက်ကို စာချုပ်သစ် မပေးသေး၊ သရေကျတဲ့ လာပါမက်စ်ပွဲ၊ ဆိုစီဒက်ဘက်က လူသစ်ရှာနေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လာပါမက်စ်နဲ့ ဒုတိယခြေစမ်းပွဲမှာ ဒါဝင်၊ ဂက်ပိုအပြင် ညာခြမ်းမှာ ဗန်ဒုတ်လည်း ပွဲထွက်သွားပါတယ်။ ပွဲကတော့ ၀-၀ ရလဒ် ထွက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ ခြေစမ်းပွဲ ၂ ပွဲလုံးမှာ ခံစစ်မှူး ဗန်ဒန်ဘတ် မပါခဲ့တာဟာ အပြောင်းအရွှေ့ ကိစ္စတွေကြောင့်ဖြစ်ပြီး ကစားသမား ဒဏ်ရာကင်းနေစေဖို့ ဖြစ်ပါတယ်။

ဆဲလ်ဘတ်အသင်းဟာ ကွင်းလယ်လူ ဘော်ဘီကလပ်အတွက် ပေါင် ၈.၂ သန်းဖြင့် ကမ်းလှမ်းမှုလုပ်လာပါတယ်။ ဒါဟာ ပထမအကြိမ် ကမ်းလှမ်းတဲ့ ပေါင် ၆ သန်းထက် ပိုများပေမယ့် လီဗာပူးလိုချင်တဲ့ ပေါင် ၁၂ သန်းထက် နည်းပါးနေပါတယ်။

မက်ကော်နယ်နဲ့ ဘော်ဘီကလက်တို့က လီဗာပူးဂျာစီနဲ့ ကစားနေတဲ့ သူတို့ပုံတွေကို အဖြူအမဲတွေဖြင့် တင်ထားခဲ့ပြီး လီဗာပူး ကစားသမားဘဝ အဆုံးသတ်တဲ့ သဘောတွေ ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဘက်က ဇူဘီမန်ဒီရဲ့ စာချုပ်ပါကြေးအတိုင်း ပေးချေဖို့အပြင် ကစားသမားအတွက် ကောင်းမွန်တဲ့ လုပ်ခလစာကိုပါ ကမ်းလှမ်းဖို့ အဆင်သင့်ပဲဖြစ်ပါတယ်။

ဇူဘီမန်ဒီ ထွက်ခွာလိုကြောင်း သိနားလည်လာတဲ့ ဆိုစီဒက်ဟာ အစားထိုးဖို့ ကစားသမား ရှာဖွေမှု စတင်နေပြီဖြစ်ပါတယ်။

ဗန်ဒိုက်က ကလပ်ဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိကြောင်းနဲ့ အသင်းဟာ လူသစ် အနည်းငယ် ခေါ်ယူသင့်ကြောင်း တိုက်တွန်းပါတယ်။ တဆက်တည်းမှာပဲ အသင်းဟာ နောက်ကွယ်မှာ လူသစ်ခေါ်ဖို့ ကြိုးစားအားထုတ်နေတယ်လို့ ဖွင့်ချလာပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်လာမယ့် အစ်ဝစ်ချ်နဲ့ပွဲမှာ ကွင်းလယ် နံပါတ် ၆ နေရာကနေ ဂရာဗင်ဘက်ချ်က မာကာနဲ့အတူ ပွဲထွက်ဖွယ် ရှိနေပါတယ်။

ပေါင် သန်း ၅၀ အထက် တန်ကြေးကြီး ကမ်းလှမ်းမှုမှ မဟုတ်ရင် လီဗာပူးက ဒီယက်ဇ်ကို ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ လက်တလောမှာ ဘာစီလိုနာဘက်က ကြိုးစားမှု မရှိသေးသလို အော်မိုကို ခေါ်ယူထားတာကြောင့် ဒီယက်ဇ်အတွက် တတ်နိုင်ဖွယ် မရှိပါဘူး။