ရီးရဲလ်ဆိုစီဒက်ဟာ ဇူဘီမန်ဒီကို ဆက်ထိန်းနိုင်ရေး တင်းမာတဲ့ သဘောထားတွေ ပြသလာကြောင်း The Times ကနေ Paul Joyce က ဖော်ပြလာပါတယ်။
အသင်းပြောင်းချင်ရင် စာချုပ်ပါပြောင်းရွှေ့ကြေးကို ကိုယ်တိုင်ပေးဖို့ ဆိုစီဒက်ဘက်က ကစားသမားကို အကြပ်ကိုင်နေကြောင်း Paul Joyce နဲ့တကွ လီဗာပူးသတင်းထောက်တွေက ဖော်ပြလာပါတယ်။
လီဗာပူးအသင်းကို ပြောင်းလိုတယ်ဆိုရင် မက်ဒရစ်မှာ အခြေစိုက်တဲ့ လာလီဂါရုံးချုပ်မှာ ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ကို လာပေးရမယ်လို့ ဆိုစီဒက်က အသိပေးခဲ့တာပါ။
ဒါဟာ ၁၂ နှစ်သား အရွယ်တည်းက ဆိုစီဒက်အသင်းထံ ပူးပေါင်းခဲ့တဲ့ ငယ်မွေးခြံပေါက် ကစားသမားအတွက် အတော်လေး ရက်စက်လှတဲ့ သတိပေးချက်လည်း ဖြစ်ပါတယ်။
ဆိုစီဒက်ဘက်က ဇူဘီမန်ဒီကို ဖိအားတွေ တွန်းပို့လိုက်ခြင်းဖြစ်ကာ အသင်းပြောင်းခဲ့ရင်တောင် သူတို့အသင်းရောင်းတာ မဟုတ်ဘဲ ကစားသမားက ထွက်ချင်လွန်းလို့ ဖြစ်ရတာဆိုပြီး ဗီလိန်ဖြစ်သွားမှာပါ။
ဆူဘီမန်ဒီ ဘယ်လို ဆုံးဖြတ်မယ် မသိရသေးပေမယ့် အဖြေသိရဖို့ သိပ်မကြာတော့တာဖြစ်ပါတယ်။
ရှင်းလင်းချက်။ ။ ဆိုစီဒက် ကစားသမား ဇူဘီမန်ဒီရဲ့ စာချုပ်မှာ ပါဝင်ထားတာဟာ Buyout clause ဖြစ်ပြီး release clause မဟုတ်ပါဘူး။ စပိန်မှာက buy out clause ကို သုံးပါတယ်။
ဆိုလိုတာက ကစားသမားတစ်ယောက်ဟာ အသင်းပြောင်းချင်တယ်ဆိုရင် သူ့ရဲ့ စာချုပ်ကို သူကိုယ်တိုင် ပြန်ဝယ်ရမှာဖြစ်ပါတယ်။ ဇူဘီမန်ဒီရဲ့ စာချုပ်က ယူရို သန်း ၆၀ တန်ကြေးရှိတာဖြစ်ပါတယ်။