

ဘာစီလိုနာအသင်းဟာ ဘယ်တောင်ပံနေရာအတွက် နီကိုး ဝီလီယမ်ကို ခေါ်ယူနိုင်ခြင်း မရှိတော့တဲ့နောက် လီဗာပူးတိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ဘက် ဦးလှည့်လာနေပါတယ်။
အသက် ၂၇ နှစ်အရွယ် ကိုလံဘီယာသားဟာ လီဗာပူးအသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူပါ။ အသင်းဘက်က သူ့ကို ရောင်းထုတ်မှာ မဟုတ်ဘဲ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း (ယူရို ၈၆ သန်း) အထက်ရမှ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားပေးမယ်လို့ သိထားရတာပါ။
ဘာစီလိုနာဘက်က သတင်းထောက်တွေကတော့ လီဗာပူးအသင်းက ဒီယက်ဇ်အတွက် စျေးချပေးမှာဖြစ်ပြီး ယူရို ၅၈ သန်းနဲ့တင် ထွက်ခွင့်ပေးလိမ့်မယ်လို့ ဖော်ပြလာနေတာဖြစ်ပါတယ်။
ကိုလံဘီယာသတင်းထောက်တွေကလည်း ဘာစီလိုနာဟာ ဒီနေ့ကစလို့ ဒီယက်ဇ်ကို ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ချိတ်ဆက်မှာဖြစ်ကာ ပြောင်းရွှေ့ကြေးဖြင့် တိုက်ရိုက် ချိတ်ဆက်မှာ မဟုတ်ဘဲ ကလပ်နှစ်သင်းဟာ FFP စည်းမျဉ်းတွေကို ရှောင်နိုင်ဖို့ ကစားသမား အလဲအထပ်မျိုးတွေ လုပ်လာလိမ့်မယ်လို့ ဖော်ပြနေပါတယ်။
လီဗာပူးအသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ ကြံ့ခိုင်တဲ့အခြေအနေ ရှိနေပြီး ကစားသမား တစ်ယောက်ကို ယူရို သန်း ၆၀ ပေးခေါ်ရင်တောင် ဥရောပမှာကော ပရီးမီးယားလိဂ်မှာပါ ဘဏ္ဍာရေးဟန်ချက်ညီမှု ပျက်မယ့် အနေအထား မရှိပါဘူး။
ဘာစီလိုနာကတော့ ဘဏ္ဍာရေးပိုင်း ခက်ခဲနေသလို လိုက်ဇစ်ကနေ ခေါ်ယူထားတဲ့ အော်မိုကိုယ်တောင် လူစာရင်းထဲ မထည့်နိုင်သေးဘဲ ကစားသမား ရောင်းထုတ်မှုတွေ ပြုလုပ်ရဦးမယ့် အခြေအနေပါ။
ဒါကြောင့် ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ဘာစီလိုနာဘက်က ဒီယက်ဇ်ကို အလဲအထပ်တွေနဲ့ စျေးချိုချိုရဖို့ အားထုတ်နေခြင်းလို့ နားလည်ရတာဖြစ်ပြီး လီဗာပူးဘက်က စျေးချပေးစရာ အကြောင်းအရင်း မမြင်ထားပါဘူး။
ကစားသမားရဲ့ ဖခင်ကတော့ သူ့သားဖြစ်သူကို စပိန်ကလပ်တစ်သင်းအတွက် ကစားနေတာ မြင်လိုကြောင်း ဝန်ခံထားဖူးပါတယ်။
လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေကို ဆက်ထိန်းမှာဖြစ်ကာ တိုက်စစ်အတွက် အားဖြည့်ရဖို့ ဖြစ်လာရင်တော့ နယူးကာဆယ်မှ ဂေါ်ဒန်ကို စိတ်ဝင်စားမှု ပြသထားဖူးတာဖြစ်ပါတယ်။