လီဗာပူးအသင်းဟာ ဒီရာသီမစခင်မှာတင် နည်းပြသစ် အာနယ် ဆလော့နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ကို ခေါ်ယူထားပေမယ့် နောက်ကွယ်မှာ အသင်း ဘာလုပ်ဆောင်နေသလဲဆိုတာဟာ အံ့ဩဖို့ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။
အာနယ် ဆလော့ဟာ အသင်းကို သူတာဝန်ယူတဲ့ ပထမဆုံးကာလတွေမှာတင် သူ့ရဲ့ လေ့ကျင့်ရေးတာဝန်ကို အကောင်းဆုံး လုပ်ဆောင်နေချိန်မှာ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာဖြစ်လာတာပါ။
ဒီနွေမှာ ရစ်ချက်ဟုချ်ရဲ့ လုပ်ဆောင်ထားမှုများ
- ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ် ပျယ်ပြယ်
- အန်ဒို အပြောင်းအရွှေ့ ပျက်ပြယ်
- ယိုရိုကို ရီးရဲလ်မက်ဒရစ်က ခေါ်မှာမို့ နောက်ဆုတ်
- ဗန်ဒိုက်တို့ကို စာချုပ်သစ်ကိစ္စ စကားမပြောသေး
- ကာဗာရိုကို ပေါင် ၂၇.၅ သန်းဖြင့် ရောင်းထုတ်
- ဇူဘီမန်ဒီခေါ်ယူရေး မအောင်မြင်
- အပြောင်းအရွှေ့အတွက် နောက်ထပ် ပလန် မရှိ
ဒီကနေ့မှာပဲ မာဆေးဆိုဒ်သတင်းထောက် Ian Doyle က အသင်းရဲ့ လက်တလော လုပ်ပုံကိုင်ပုံက အထင်ကြီးစရာမရှိကြောင်း မှတ်ချက်နဲ့အတူ အောက်ပါ အကြောင်းအရာကို ရေးသားလာပါတယ်။
” ပြောရရင် ကစားသမားခေါ်ဖို့ မရှိသေးပါဘူး။ အလားအလာရှိ လူငယ်အချို့ကိုလည်း ရှင်းထုတ်နိုင်ချေ ရှိနေပါသေးတယ်။ စာချုပ်သက်တမ်း ကုန်ဖို့ နီးလာတဲ့ စီနီယာတွေကို စာချုပ်သစ်ပေးဖို့ ညိနှိုင်းစကားပြောဖို့ လောနေခြင်းလည်း မရှိပါဘူး ” လို့ Ian Doyle က ဖော်ပြခဲ့တာပါ။
လီဗာပူးအသင်းဟာ ဒီနွေတစ်ခုလုံးမှာ လူသစ် တစ်ဦးမှ မခေါ်သေးသလို ဇူဘီမန်ဒီကို မရတဲ့နောက် အရန်အဖြစ် နောက်ထပ် တစ်ဦး ရှာဖွေထားခြင်းလည်း မရှိပါဘူး။
ဒါ့အပြင် မနှစ်က တစ်ရာသီလုံး ဒဏ်ရာရနေတဲ့ ဘာ့ဂျ်ဆဲတစ်ကို အငှားချမှာဖြစ်ကာ မော်တန်အတွက် ကမ်းလှမ်းလာမှုတွေကိုလည်း လက်ခံသွားမှာပါ။ နောက်ထပ် ကွင်းလယ်လူ ဘော်ဘီကလက်ကလည်း ဆဲလ်ဘတ်ကို ရောက်ဖို့ နီးစပ်နေပါတယ်။
လူသစ်လည်း မခေါ်သလို ဗန်ဒိုက်၊ ထရန့်၊ ဆာလာတို့ကို သက်တမ်းတိုးဖို့လည်း မကြိုးစားဘဲ ဒီလတွေမှာ ရစ်ချက်ဟုချ် ဘာလုပ်နေတာလဲ ဆိုတာက မေးခွန်းကြီး ဖြစ်လာနေပြီး အုပ်ချုပ်ရေးအဖွဲ့သစ်ရဲ့ လုပ်နိုင်စွမ်းတွေဟာ သုံးသပ်ခံရမှုတွေ ရှိလာနေတာဖြစ်ပါတယ်။