လီဗာပူးအသင်းက ခေါင်းမာလွန်းတယ်လို့ ယုံကြည်ပြီး နောက်ဆုတ်သွားတဲ့ နယ်သာလန်ကလပ်

လီဗာပူးအသင်း တာဝန်ရှိသူတွေရဲ့ ခေါင်းမာမှုကြောင့် နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းဟာ အပြောင်းအရွှေ့ ကိစ္စ စကားပြောဆိုမှုတွေကနေ နောက်ဆုတ်ခဲ့ကြောင်း ဒတ်ချ်သတင်းတွေက ဖော်ပြလာပါတယ်။

လီဗာပူးအသင်းနဲ့အတူ ရာသီကြိုမှာ ပါဝင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်နိုင်ချေတွေကြောင့် ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ ဒီအပတ် အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ လာပါမက်စ်နဲ့ ခြေစမ်းပွဲအတွင်း အရန်ခုံမှာပဲ ထိုင်ခဲ့ရတာပါ။

အနည်းဆုံး ကလပ် ၁၁ သင်းက ဗန်ဒန်ဘတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နယ်သာလန်ချန်ပီယံ ပီအက်စ်ဗီက အားလုံးထဲမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့တာပါ။

နယ်သာလန်ကလပ်ဟာ ဗန်ဒန်ဘတ်အတွက် ပေါင် ၈.၄ သန်းထက် ပိုမပေးလိုကာ လီဗာပူးဘက်ကလည်း ပေါင် သန်း ၂၀ မရရင် ထွက်ခွင့်မပေးဖို့ မြင့်မြင့်မားမား စျေးသတ်မှတ်ထားပါတယ်။

ပီအက်စ်ဗီဟာ သူတို့ကလပ်အတွက် စံချိန်တင်ကြေးဖြစ်မယ့် ပေါင် သန်း ၂၀ ကို လုံးဝ မပေးချင်ဘဲ လီဗာပူးဘက်က ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုတာ သိနားလည်ခဲ့တာကြောင့် ဗန်ဒန်ဘတ်အတွက် ဆက်လက် ကြိုးစားမှာ မဟုတ်တော့ကြောင်း ဒေသတွင်း သတင်းဌာန De Telegraaf က ဖော်ပြပါတယ်။

ဗန်ဒန်ဘတ်ကိုယ်တိုင်ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ လီဗာပူးဘက်က စျေးနည်းနည်းချပေးစေချင်တဲ့ ဆန္ဒ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဗီဘက်ကလည်း ပိုမပေးလိုတာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့မှာ စျေးကောင်းသတ်မှတ်လေ့ရှိတာ ဗန်ဒန်ဘတ်က ပထမဆုံး မဟုတ်ဘဲ ခံစစ်မှူး နက်ဖီးလစ်ကိုလည်း ပေါင် သန်း ၂၀ ဝန်းကျင် တောင်းဆိုရာက အခုချိန်ထိ ရောင်းထုတ်မရဘဲ အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။