ဂိုးသမားသစ်ရရင် ဘုန်းမောက်ကို အငှားပြန်ချမယ်၊ ဆဲလ်ဘတ်ကို ပြောင်းသွားတဲ့ ဘော်ဘီ၊ လေဗာကူဆင်ဘက်က ဗန်ဒန်ဘတ်ကို ခေါ်လိုလာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ လီဗာပူးခံစစ်မှူး ဗန်ဒန်ဘတ်ကို ခေါ်ယူလိုကြောင်း ပြသလာကာ အသင်းဘက်ကတော့ ပေါင် သန်း ၂၀ စျေးခေါ်ထားဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘော်ဘီကလက်ကို ဆဲလ်ဘတ်အသင်းထံ ပေါင် ၁၀ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီဖြစ်ကာ အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၁၇.၅% ခံစားခွင့် ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးအသင်းက ဗလန်စီယာဂိုးသမား မာမာဒါရှီဗီလီကို ခေါ်ယူနိုင်ခဲ့ရင် ဘုန်းမောက်ထံ တစ်ရာသီ အငှားချမှာပါ။ ဒါဟာ ဂျော်ဂျီယာကစားသမားကို ပရီးမီးယားလိဂ်အထာ သိစေဖို့ဖြစ်ပြီး ဘုန်းမောက်ဘက်က အငှားခ ပေးရပါလိမ့်မယ်။

ဘာစီလိုနာအသင်းက လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနိုင်သေးသလို လီဗာပူးဘက်က အစားထိုးဖို့ နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို ပြန်ချိတ်ဆက်နိုင်ဆဲပါ။

လီဗာပူးအသင်းက မာမာဒါရှီဗီလီကို ခေါ်ယူဖို့ အားထုတ်နေရခြင်းကြောင့် အယ်လီဆန်ဟာ လာမယ့်ရာသီ အသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း သတင်းတွေ ပိုမို ခိုင်မာနေပြီး ကလယ်ဟာလည်း အတူတူ ထွက်ဖွယ် ရှိနေပါတယ်။

အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကတော့ ဝုဗ်ဘယ်အစွန်လူ နိုရီကို လီဗာပူးဘက်က အတော်လေး သဘောကျပေမယ့် ခေါ်ယူမလား မသေချာသေးဘူးလို့ ဆိုပါတယ်။

သူ့ကို ခေါ်ယူဖို့ အစွမ်းကုန် အားထုတ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါကြောင်း ဇူဘီမန်ဒီက လီဗာပူးအားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ကို ဖုန်းခေါ်ကာ တောင်းပန်ခဲ့ပါတယ်။

လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ ဖောင်လာတို့က အသင်းဟာ အပြောင်းအရွှေ့ စျေးကွက်ကနေ ကစားသမားသစ်တွေ ခေါ်ယူသင့်ကြောင်း ဆက်တိုက် ထောက်ပြနေပါတယ်။

ယာဂင်ကလော့ပ်ရဲ့ နောက်ဆုံး ဘောလုံးရာသီ မှတ်တမ်းရုပ်ရှင်ကို Amazon Prime က ဝယ်ယူဖွယ် ရှိနေပါတယ်။

နောက်လမှာ မန်စီးတီးရဲ့ ၁၁၅ မှု ကိစ္စကို စစ်ဆေးတော့မှာဖြစ်ကာ အမှတ်လျော့ ပြစ်ဒဏ် ပါဝင်လာနိုင်ကြောင်း အသံထွက်လာနေပါတယ်။