လီဗာပူးအသင်းက ဇူဘီမန်ဒီကို ခေါ်ယူရေး ကိစ္စမှာ အောင်မြင်အောင် မစည်းရုံးနိုင်ခဲ့တာဟာ နည်းပြအာနယ် ဆလော့ကြောင့်လည်း သက်ဆိုင်တယ်လို့ ကာရေဂါက မှတ်ချက်ပေးလာပါတယ်။
လီဗာပူးအသင်းဟာ ဂန္တဝင်နည်းပြကြီး ကလော့ပ် မရှိတော့တဲ့ ပထမဆုံး ဘောလုံးရာသီကို ကျော်ဖြတ်ရမယ့် အနေအထားမှာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်စွမ်းမရှိ ဖြစ်နေပါတယ်။
အပြောင်းအရွှေ့မှာ ထက်မြက်မှုတွေအတွက် လီဗာပူးအပြောင်းအရွှေ့ ကော်မတီကို လူတွေ ချီးကျူးခဲ့ကြပေမယ့် အသင်းကို ကစားသမားကောင်းတွေ ရောက်လာတာ ကလော့ပ်ကြောင့်ဖြစ်ကြောင်း မာဆေးဆိုဒ်သားက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာပါ။
“ လီဗာပူး ဘာတွေလုပ်နေတာလဲလို့ လူတွေက မှတ်ချက်တွေပေးနေကြတာ၊ ကစားသမားတွေ အသင်းကို ရောက်လာဖို့ ကလော့ပ်ရဲ့ လွှမ်းမိုးမှု ဘယ်လောက်တောင် ကြီးမားလဲ သူတို့ နားမလည်ကြဘူး။
အပြောင်းအရွှေ့ ကော်မတီက စျေးကွက်ထဲမှာ ကစားသမား ရောင်းထုတ်ပြီး အသုံးစရိတ် ရှာနိုင်တာအတွက် ချီးကျူးခံရမှုတွေရှိတယ်။ အဲ့အပိုင်းမှာ မန်နေဂျာက ဝင်ပါစရာ မလိုဘူး၊ မန်နေဂျာက ဒီကစားသမားကို ပေးထွက်ရင် ကလပ်က ရောင်းထုတ်မှာပဲ။
ကာဗယ်ရိုကိုလည်း ကောင်းမွန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးအသင်းက ရောင်းထုတ်ခဲ့တာပဲ။ ဒါပေမယ့် ကစားသမား အဝင်ဆိုရင် မတူတော့ဘူး။ မန်နေဂျာရဲ့ ကဏ္ဍက အရေးကြီးသွားပြီ။ ဒီနေရာမှာ အာနယ် ဆလော့က လွှမ်းမိုးနိုင်စွမ်း မရှိဘူး။
လီဗာပူးက ဗန်ဒိုက်ကို ခေါ်တုန်းက အသင်းဟာ အဆင့် ၃ လောက် အဆင့် ၄ လောက်မှာ ရှိနေတာပါ။ သူ့ကိုရဖို့ ကလော့ပ်က အဓိကကျခဲ့ပါတယ်။
လီဗာပူးအသင်းမှာ ကလော့ပ် ဆက်ရှိနေခဲ့ရင် ဇူဘီမန်ဒီကို လီဗာပူးရနိုင်ချေများပါတယ်။ ဒါက ကျနော်ရဲ့ တစ်ဦးချင်း အမြင်ပါ ” လို့ ကာရေဂါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။