

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် တန်းတက်ကလပ် အစ်ဝစ်ချ်နဲ့ ယှဉ်ပြိုင်ရာမှာ လီဗာပူးအသင်းက ၂-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။
နည်းပြအာနယ် ဆလော့ရဲ့ လီဗာပူးနည်းပြ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ပွဲထွက်လူစာရင်းက အယ်လီဆန်၊ ထရန့်၊ ကွမ်းဆက်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ မာကာ၊ ဂရာဗင်ဘက်ချ်၊ ဆိုဘို၊ ဒီယက်ဇ်၊ ဆာလာ၊ ဂျိုတာတို့ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းရဲ့ ပထမပိုင်း ကစားပုံက အရမ်းကို သာမာန်ဆန်ပါတယ်။ အသင်းက save ဖြစ်ဖို့ ကစားလွန်းနေပြီး အရဲစွန့်တဲ့ လှုပ်ရှားမှု မမြင်ရသလောက်ပါပဲ။ သမာရိုးကျ ကစားပုံဆန်ပြီး ခံစစ်ကနေ ဘောလုံးထိုးဖောက်ဖို့ ကြိုးစားမှုတွေဟာလည်း ရိုးရှင်းလွန်းပါတယ်။
၄-၂-၃-၁ အထိုင်ပုံစံမှာ ဂရာဗင်ဘက်ချ်ရဲ့ နံပါတ် ၆ နေရာက ကစားနိုင်စွမ်းက မဆိုးတဲ့အဆင့်ထက် ပိုခဲ့ပါတယ်။ တိုက်စစ်သမားတွေ ချိတ်ဆက်ကစားပုံတော့ သာမာန်လောက်ပဲ ရှိခဲ့ပါတယ်။
တကယ် အရသာရှိတာက ဒုတိယပိုင်းမှာ လာတာပါ။ လီဗာပူး ကစားပုံက ပိုသေသပ်လာတယ်၊ ပိုအရဲစွန့်လာတယ်၊ ပိုလည်း ထိရောက်ပါတယ်။ ဒီဒုတိယပိုင်း ခြေစွမ်းကပဲ လီဗာပူးပရိသတ်တွေ မြင်လိုတဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ပါ။
အသင်းလိုက် ချိတ်ဆက်ပုံ ကောင်းသလို ခံစစ်ကနေ တိုက်ရိုက်ကျတဲ့ ပေးချက်တွေကို တိုက်စစ်သမားတွေ အသုံးချပုံလည်း ကောင်းပါတယ်။ ထရန့် ကစားသွားတာတွေဆို သိပ်လှပါတယ်။ ဂျိုတာ အဖွဲ့ဂိုးကို ဆာလာ ဖန်တီးပေးနိုင်ဖို့ ညာခြမ်းက ထရန့် ဖြန့်ပေးတာတွေ ကောင်းသလို တိုက်စစ်လိုက်သွားတာလည်း ထိရောက်ပါတယ်။
Diogo Jota opens the Arne Slot era.
Trent to Salah to DioGOAL. Slot ball. 🔥 pic.twitter.com/CoZv5RoFMV
— Samuel (@SamueILFC) August 17, 2024
ဒုတိယဂိုးဟာ ခံစစ်ကနေ တိုက်ရိုက် မတင်လိုက်တဲ့ ဘောလုံးကနေ ဆာလာ၊ ဆိုဘိုတို့ ဖန်တီးသွားတာကို ဆာလာကပဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ အသင်းကနောက်ထပ် အခွင့်အရေးတွေ အများကြီးကို ထပ်လုပ်ပြနိုင်ပေမယ့် နားလည်မှုတွေ လွဲတာတွေလည်း များလွန်းခဲ့ပါတယ်။
SALAH ON THE OPENING DAY!!!!! 👑pic.twitter.com/WWfmJcRhPO
— Football Report (@FootballReprt) August 17, 2024
ဒီပွဲကိုတော့ ကျေနပ်ပါတယ်။ ပထမပိုင်းမှာ စိတ်ပျက်မိပေမယ့် ဒုတိယပိုင်း ခြေစွမ်းကို အတော်လေး သဘောကျပါတယ်။ ဂရာဗင်ဘက်ချ် နံပါတ် ၆ နေရာမှာ ကောင်းတယ်။ ခံစစ်က အတော်လေး ကျစ်လစ် တည်ငြိမ်တယ်။ ဆာလာ ခြေစွမ်းထက်ဆဲဖြစ်ပြီး ဒီယက်ဇ်ထံက အသင်းဖော်တွေကို ဖန်ပေးချင်စိတ်တွေ မြင်ရတယ်။
အဖွင့်ပွဲ ၃ မှတ် အပြည့်ရပြီး ခံစစ်က ဂိုးမပေးခဲ့သလို ဒဏ်ရာ ပြဿနာတွေ ကင်းခဲ့ပါတယ်။