ဒါဝင် နူးညက်ဇ် က ခြေစွမ်းငုပ်နေတာ လီဗာပူးကြောင့်ပါလို့ ဝန်ခံဖြောင့်ချက်ပေးလာတဲ့ ယာဂင်ကလော့ပ်

လီဗာပူး အသင်းသာ ပုံမှန်အဆင့်အတန်းမှာ ရှိနေခဲ့ရင် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ် က ဒီရာသီမှာ ဂိုး၂၀လောက်ထိ သွင်းနိုင်ခဲ့မှာ သေချာတယ် လို့ ယာဂန်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

၁၁ပွဲမှာ ၁ဂိုးသာသွင်းယူခဲ့ပြီး အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ ပေါင် ၈၅သန်းတန် တိုက်စစ်မှုး နူးညက်ဇ် အပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေသးပေမယ့် သူဟာ ဒီရာသီအတွင်း မန်စီးတီး၊ အာဆင်နယ်၊ နယူးကာဆယ်၊ နာပိုလီ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ပွဲတွေမှာ ဂိုးသွင်းယူခဲ့တာပါ။

နောက်ရာသီမှာ နူးညက်ဇ် ထံကနေ နောက်ထပ်အများကြီး မြင်တွေ့ရဖို့ ကလော့ပ်က မျှော်လင့်ထားပါတယ်။

“သူက အထိုင်ကျဖို့ အချိန်လိုခဲ့တာ။ တိုက်စစ်မှူးတစ်ယောက်အတွက် အခက်ခဲဆုံးအရာက စည်းချက် မညီဖြစ်နေတဲ့ အသင်း တစ်သင်းကို ပြောင်းလာရတာပဲ။ ဒါတောင် သူက ၁၅ဂိုး သွင်းနိုင်ခဲ့သေးတယ်။ စဉ်းစားကြည့်ပါ။ ကျွန်တော် တို့သာ အမှတ် ၇၀၊ ၈၀ လောက်နဲ့ ပုံမှန်အဆင့်အတန်းရှိတဲ့ ရာသီတစ်ခုလို ကစားနိုင်ခဲ့ရင် သူလဲ သေချာပေါက် ဂိုး ၂၀ ကျော် သွင်းနိုင်ခဲ့မှာပဲ။

သူ့အကောင်းဆုံး ရာသီမှာ ဂိုး၄၀ လောက် သွင်းယူခဲ့တဲ့ မိုဆာလာလဲ အခွင့်အရေးတွေကို လွဲချော်ခဲ့တယ်။ ဟာလန်းလဲ လွဲချော်ခဲ့ပါတယ်။ ဒါက သာမန်ပါပဲ။

ဒါပေမယ့် ဒီကာလမှာ ကျွန်တော်တို့ ဖန်တီးခဲ့တာထက် ပိုများခဲ့တာပဲရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၁၅ဂိုးဆိုတာ လုံးဝ အဆင်ပြေပါသေးတယ်။ ရာသီကုန်ဖို့ ၃ပွဲကျန်သေးတယ်ဆိုတော့ ၁၅ဂိုး ထက် တောင် ပိုရနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်။

ဒီကိစ္စကို ကျွန်တော်တို့ ပြောပြီးပြီ။ သူ ဒီမှာ အသားကျဖို့ အချိန်လိုတယ်။ ဘင်ဖီကာမှာလဲ အဲ့လိုပါပဲ။ ဒါပေမယ့် အဲ့မှာတုန်းက ဒီမှာလောက် ဘာသာစကား အခက်အခဲ မရှိခဲ့ဘူးလေ။ ကျွန်တော်တို့ သူ့ကို ကူညီနိုင်အောင် ကြိုးစား သွားမှာပါ။ သူကလဲ အခု လုပ်ထားတာထက် ပိုပြီးတော့တောင် ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်”လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးရဲ့ မကြာသေးမီက ပြန်လည်ဦးမော့လာမှုတွေဟာ နောက်ဆုံး ၈ပွဲအတွင်း ၈ဂိုးသွင်းခဲ့တဲ့ ဆာလာရဲ့ ခြေပြန် ပေါ်လာတဲ့အချိန်နဲ့ ကိုက်နေတာက တိုက်ဆိုင်မှုတော့ မဟုတ်လောက်ပါဘူး။

ဒီလို အရာတွေကို နူးညက်ဇ် လဲ အလားတူ လုပ်ပြချင်နေမှာပါ။ လီဗာပူးဟာ နူညက်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄သန်း ပေးခဲ့ရပြီး အပိုဆုကြေးတွေနဲ့ဆိုရင် စုစုပေါင်း ပေါင် ၈၅သန်းထိ ပေးချေရမှာ ဖြစ်ပါတယ်။