ဆာလာအပေါ် မလေးမစား ထင်မြင်ချက်စကားကြောင်း စိတ်ဆိုးနေကြတဲ့ လီဗာပူးပရိသတ်များ

ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် LFCTV ကနေ သုံးသပ်စကားပြောရာမှာ လီဗာပူးကစားသမားဟောင်း Gary Gillespie ရဲ့ ထင်မြင်ချက်တွေဟာ အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

တကယ်တော့ Gary Gillespie ဟာ နည်းနည်းရရ မဟုတ်ပါဘူး။ ၈၀ နဲ့ ၉၀ ခုနှစ်တွေအတွင်း လီဗာပူးအတွက် ၉ နှစ်ဝန်းကျင်ကစားခဲ့ရာမှာ အမှတ်ပေးဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အနိုင်ရဖူးပြီး FA ဖလား၊ လိဂ်ဖလားတွေပါ ရခဲ့သူပါ။

ဒါပေမယ့် သူက ဆာလာဟာ ကမ္ဘာ့အဆင့် ကစားသမားလား မသေချာဘူးဖြစ်နေပါတယ်။

LFCTV ကနေ Gary Gillespie က ” မိုဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လို့ ပြောကြတယ်။ သူက တကယ်ပဲ ကမ္ဘာ့အဆင့် ကစားသမားလား?

ကျနော်ကတော့ သူက ကမ္ဘာ့အဆင့်လို့ မထင်ပါဘူး။ ဒါပေမယ့် အချက်အလက်တွေက သူဟာ ကမ္ဘာ့အဆင့်တစ်ယောက်ဆိုတာ ပြနေပါတယ်။ သူ့ရဲ့ အချက်အလက်တွေဟာ မိုးပေါ်ထိ ထွင်းဖောက်နေပါပြီ ” လို့ ဆိုခဲ့တာပါ။

Gillespie ရဲ့ ဆာလာနဲ့ပတ်သက်လို့ ထင်မြင်ချက်ဟာ လီဗာပူးပရိသတ်တွေကို စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ ဆာလာလို ကစားသမားက ကမ္ဘာ့အဆင့် ဟုတ်လား မဟုတ်လား သုံးသပ်ခံနေရမယ့် အဆင့်လို့ ဘယ်လိုများ ပြောနိုင်တာလဲ ဆိုတာက များပြားတဲ့ တုန့်ပြန်ချက်ဖြစ်ပါတယ်။

တီဗီကနေ တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ပရီးမီးယားလိဂ်သမိုင်း အကောင်းဆုံး ကစားသမား တစ်ဦးလို့တောင် ဆိုနိုင်သူကို ကမ္ဘာ့အဆင့် ဟုတ်လား မဟုတ်လား လေကုန်ခံ ဆွေးနွေးနေကတည်းက သူ့ကို ထုတ်ပလိုက်ပါတော့ဆိုတဲ့ ဝေဖန်ချက်တွေလည်း မြင့်တက်နေပါတယ်။

အချို့ပရိသတ်တွေက ” ဒီရူးကြောင်ကြောင် စကားတွေကို သူဘာလို့များ ပြောနေရတာလဲ? ကုန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဂျရတ်ကလည်း နှစ်တွေအကြာကြီး ခြေစွမ်းတည်ငြိမ်တဲ့ လီဗာပူးကစားသမားက ဘယ်နှစ်ယောက်ရှိနေလို့လဲ? ဘယ်သူကမှ ဆာလာကို မလေးမစား မလုပ်ခဲ့ပါဘူး ” လို့ စိတ်ပျက်စွာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။