ဂျိုတာ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှ ပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ရအောင်ပါ။
အစ်ဝစ်ချ်ပွဲမှ စကားပြောစရာ နှစ်ဦး
ဒီပွဲဟာ ဆီးဗီးလာပွဲတုန်းက လူစာရင်းကို အခြေခံခဲ့ထားပြီး ကိုစတက် အစား ရော်ဘတ်ဆန် ပါဝင်တာလောက်ပဲ အပြောင်းအလဲ ရှိခဲ့ပါတယ်။ ရိုဘိုရဲ့ ခြေစွမ်းဟာ ကျေနပ်လောက်တဲ့ အတိုင်းအတာ မရောက်ဘဲ တိုက်စစ်ကော ခံစစ်မှာပါ ထိုင်းမှိုင်းနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူလည်း တိုးတက်သင့်သလောက် တိုးတက်လာပေမယ့် ထရန့်ကို တိုက်စစ်ပိုလိုက်စေပြီး ခံစစ်မှူး ၃ ဦးပုံစံ ကစားစေရာမှာ ရိုဘိုဟာ အကန့်အသတ် ခြေစွမ်းပဲ ရှိသလားက မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ကွင်းလယ်အတွင်းလူနေရာ တာဝန်ယူခဲ့တဲ့ ဂရာဗင်ဘက်ချ်ထံကတော့ ပထမပိုင်းကော ဒုတိယပိုင်းမှာပါ အလားအလာကောင်းတွေ မြင်ခဲ့ရတယ်။ အသင်းရဲ့ တိုက်စစ်လမ်းကြောင်း ဖွင့်မှုတွေမှာ ဂရာဗင်ဘက်ချ်ရဲ့ ပါဝင်နိုင်စွမ်းက မျှော်လင့်ထားတာထက် ပိုများခဲ့ပါတယ်။
အစ်ဝစ်ချ်ရဲ့ ကျစ်လစ်တဲ့ ကစားကွက်
ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေဟာ ရာသီအဖွင့်ပွဲတွေမှာ မျှော်လင့်ချက်တွေအတွက် အားထုတ်မှု ပြင်းထန်လေ့ရှိပါတယ်။ ဒီပွဲမှာလည်း အစ်ဝစ်ချ်ဘက်က ပြင်းထန်တဲ့ အားထုတ်မှုတွေနဲ့အတူ လီဗာပူးအသင်း အခွင့်အရေး မဖန်တီးနိုင်ဖို့ မာမာထန်ထန် ကစားခဲ့ပါတယ်။
ပထမပိုင်းမှာ လီဗာပူးဘက်က သွေးလေးနေခဲ့ပေမယ့် အစ်ဝစ်ချ်ကတော့ အားထည့်လွန်းခဲ့တာကြောင့် တန်းတက်ကလပ်ကို လီဗာပူးတို့ အသာမရခဲ့ပါဘူး။ ရဲရင့်တဲ့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရတဲ့အခါ လီဗာပူးအသင်းဟာ ပွဲတန်ပိုတင်နိုင်ဖို့ လိုအပ်နေပြီး သီတင်းပတ် အနည်းငယ်ကြာရင်တော့ အရှိန်ရလာဖို့ မျှော်လင့်ပါတယ်။
ခြေမှန်မရသေးခြင်း
အရင်ရာသီတွေမှာ ရာသီကြိုအတွင်း လီဗာပူးအသင်းဟာ ခြေစမ်းပွဲ ၆ ပွဲ ၇ ပွဲလောက် ကစားလေ့ရှိပါတယ်။ ဒီရာသီမှာတော့ ခြေစမ်းပွဲ အနည်းငယ် နည်းပါးပြီး ယူရိုနဲ့ ကိုပါအမေရိကပွဲတွေကြောင့် ရာသီကြိုပွဲတွေ နည်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
သိသာတာကတော့ စီနီယာအတော်များများဟာ ပြင်းပြင်းထန်ထန် ဖိအားပေးတာ၊ တိုက်စစ်ကို အရှိန်တင်ကစားတာမျိုး သိပ်မလုပ်နိုင်ပါဘူး။ ကိုပါအမေရိကကနေ နားရက်ပါ လျော့ယူခဲ့ဟန်ရှိတဲ့ မာကာဟာလည်း အရှိန်အဟုန်ကောင်း မရှိလှပါဘူး။
အဖွင့်ပွဲဟာ သူတို့လိုအပ်တဲ့ ပွဲကစားမိနစ်တွေ စရတာဖြစ်ဖို့ မျှော်လင့်ရပြီး ဒုတိယပွဲကတော့ အိမ်ကွင်းမှာ ဘရန့်ဖိုဒ့်ကို ဧည့်ခံရမှာဖြစ်ပါတယ်။
ဝါရင့်တွေရဲ့ လုပ်ပြနိုင်စွမ်း
အစ်ဝစ်ချ်ကို အနိုင်ရရာမှာ ထရန့်ရဲ့ တိုက်စစ်ပိုင်း အခွင့်အရေး ဖော်ဆောင်မှုအပြင် ဆာလာရဲ့ ပါးနပ်မှု၊ ဂျိုတာရဲ့ တိုက်စစ်မှူး နေရာကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်မှု၊ ဗန်ဒိုက်ရဲ့ သူ့ပုံစံအတိုင်း ခံစစ်ကနေ ဦးဆောင်ပေးနိုင်စွမ်းတွေကြောင့်ဖြစ်ပါတယ်။
အယ်လီဆန် အပါအဝင် ဒီကစားသမားတွေဟာ ကမ္ဘာ့အဆင့် ခြေစွမ်းပိုင်ရှင်တွေ ဖြစ်ပါတယ်။ သူတို့တွေ ပုံမှန်ခြေစွမ်းထက် နည်းနည်းလေး ပိုလုပ်ပြနိုင်ရင်ကို လီဗာပူးရဲ့ ကစားဟန်က အားနည်းနေဖို့ မရှိပါဘူး။
အာနယ် ဆလော့ရဲ့ ခေတ်သစ်မှာ ဒီကစားသမားတွေဟာ မာကာ၊ ဆိုဘို၊ ဒီယက်ဇ် အစရှိတဲ့ ကြယ်ပွင့်တွေနဲ့ ဟန်ချက်ညီမှုကို ဖော်ဆောင်နိုင်ရင် ဟန်တစ်ခုကို ခပ်မြန်မြန် ရှာတွေ့ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
အာနယ် ဆလော့
ကုန်ခဲ့တဲ့ နှစ်တွေအတွင်း နည်းပြလိုင်းမှာ စိတ်ခံစားချက် ပြင်းထန်ပြီး အင်ပြည့်အားပြည့် လမ်းညွှန်လေ့ရှိတဲ့ နည်းပြကလော့ပ်ကို မြင်တွေ့ခဲ့ရပြီးပါပြီ။ အာနယ် ဆလော့ဟာ ခြားနားတဲ့ အကျင့်စရိုက်ရှိပြီး ကလော့ပ်နဲ့ ကွဲပြားမယ့် နည်းပြတစ်ဦးဖြစ်ပါတယ်။
အာနယ်ဟာ တည်ငြိမ်ပြီး ကစားသမားတွေကို စကားလုံး ခပ်တိုတိုနဲ့ လမ်းညွှန်ကာ အသင်းရဲ့ အားနည်းချက်ကို မျက်စိဒေါက်ထောက် ကြည့်နေတတ်သူမျိုးပါ။ နည်းစနစ်ပိုင်းအရဆိုရင် ဒုတိယပိုင်း အစမှာ ကွမ်းဆက်ကို ထုတ်ပြီး ကိုနတေးကို ထည့်လိုက်တာက ထိရောက်တဲ့ အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။
ကွင်းထဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို သိပ်ပြီး စောဒကတက်နေမယ့် သူမျိုး ဟုတ်ဟန် မရှိပါဘူး။ ရံဖန်ရံခါ စတုတ္ထဒိုင်ကို ဒေါသထွက်တဲ့ မျက်နှာမျိုး မြင်ရခြင်းကြောင့် အသင်းကို သူ့ပုံစံနဲ့သူ ကာကွယ်ပေးနိုင်ရေး ကြိုးစားမယ့်သူ ဖြစ်ဟန်ရှိပါတယ်။