အာနယ် ဆလော့က ရက်စက်တယ်၊ လက်တွေ့ကျတယ်လို့ ထင်မြင်ချက်ပေးသွားတဲ့ ဂယ်ရီနဗီး

အစ်ဝစ်ချ် ၀-၂ လီဗာပူးပွဲမှာ နည်းပြအာနယ်ဆလော့ရဲ့ လုပ်ရပ်ဟာ လီဗာပူးပရိသတ်တွေတင် မကဘဲ ဘောလုံးဝေဖန်ရေးသမားတွေကိုပါ အနည်းငယ် တုန်လှုပ်စေဟန် ရှိပါတယ်။

အာနယ် ဆလော့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတင် ကစားသမား တစ်ယောက်ကို စိတ်ရှည်ရှည် အခွင့်အရေး ပေးဖို့ထက် အသင်းနိုင်ပွဲရဖို့ လုပ်ရဲကိုင်ရဲကြောင်း သူ့ရဲ့ အကျင့်စရိုက်ကို ပြသသွားတာဖြစ်ပါတယ်။

” အာနယ် ဆလော့က ကွမ်းဆက်အပေါ် နည်းနည်းလေး ရက်စက်ရာကျတယ်လို့ ကျနော် ထင်မိပါတယ် ” အစ်ဝစ်ချ် ၀-၂ လီဗာပူးပွဲအပြီး စကိုင်းစပေါ့ သုံးသပ်ချက်မှာ ဂယ်ရီနဗီးက ပြောပါတယ်။

” ပထမပိုင်းပဲ ကစားရသေးအပြီး ကစားသမား တစ်ယောက်ကို လူစားလဲလိုက်တာက ကိစ္စကြီးပါ။ မန်နေဂျာအများစုက ဒါမျိုး လုပ်လေ့ရှိကြတာ မဟုတ်ပါဘူး။ သူလုပ်ခဲ့တာအတွက် ပြန်ဖြေတော့လည်း တိုက်ရိုက်ကြီး တုံးတိတိပါပဲ။ အားနာ ရှက်ရွံနေတာမျိုး မရှိပါဘူး။

ကျနော်ကတော့ အာနယ် ဆလော့က ရက်စက်ပြီး လက်တွေ့ကျတဲ့သူဖြစ်ကြောင်း ထုတ်ပြသွားတယ် ထင်မိပါတယ်။ သူက ဒီပွဲမှာ တစ်ဦးချင်း စီးချင်းထိုးမှုတွေ အနိုင်ရဖို့ လိုနေတယ်လို့ ထင်တယ်၊ သူလူစားလဲခဲ့တာလည်း ဒီအတွေးကြောင့်လို့ တုန့်ပြန်ခဲ့တယ်။

အဲ့အပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပါတယ်။ လီဗာပူးက ဒုတိယပိုင်းမှာ ပိုကောင်းလာပြီး အာနယ် ဆလော့ လုပ်ခဲ့တဲ့ အပြောင်းအလဲဟာ လီဗာပူးကို နိုင်ပွဲရစေခဲ့တာပါ ” လို့ ဂယ်ရီနဗီးက ထင်မြင်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ်ဝစ်ချ်ပွဲမှာတင် ကွမ်းဆက်က ခပ်မြန်မြန် လူစားလဲခံခဲ့ရပြီး ဒါဟာ အနာဂတ်မှာ အင်္ဂလန်ခံစစ်မှူးထက် ကိုနတေးကို ဦးစားပေးတော့မှာလား ဆိုတဲ့ မေးခွန်းကိုလည်း ထွက်စေခဲ့ပါတယ်။

ကိုနတေးဟာ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ပြီး ၃ ယောက်တန်း ခံစစ်ပုံစံမျိူးမှာ ညာအစွန်ကို ပိုထွက်ကစားခဲ့တယ်။ သူ့ရဲ့ အထက်တန်းကျတဲ့ စွမ်းဆောင်ရည်တွေက လီဗာပူးအသင်း ၂-၀ နဲ့ ဂိုးပြတ်နိုင်ဖို့ အကူအညီဖြစ်ခဲ့တာ ဖြစ်ပါတယ်။