လာမယ့်ရာသီ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ရင် နိုင်ဖို့ထက် လီဗာပူး ပိုမို ဦးစားပေးရမယ့် နိုင်ပွဲများ

လီဗာပူးအသင်းဟာ ဒီရာသီမှာ တတ်နိုင်သလောက် ရမှတ်တွေ ရယူနိုင်ဖို့ကို အာရုံစိုက်နေပြီး လာမယ့်ရာသီ မန်စီးတီးကို အနိုင်ယူရေးအတွက် သီးသန့်ကြီး စဉ်းစားနေတာမျိုး မရှိပါဘူး။

ကလော့ပ်ကတော့ မန်စီးတီးနဲ့ပွဲတွေမှာ နိုင်ရမယ် ဆိုတာထက် တစ်ရာသီ ပွဲပေါင်း ၂၅ ပွဲလောက်ကို အနိုင်ယူဖို့ကိုပဲ အာရုံစိုက်လိုနေတယ်။ ဒါဟာ ချန်ပီယံလိဂ် ဝင်ခွင့် သေချာစေမယ့် ရမှတ်ဖြစ်သလို ရာသီနှောင်းပိုင်းမှာ ဖလားစိန်ခေါ်ပွဲထဲ ပါဝင်စေမယ့် ရမှတ်တွေပဲ ဖြစ်ပါတယ်။

ဒီရာသီ ကျရှုံးမှုနဲ့အတူ လာမယ့်ရာသီ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်တွေမှာ အနိုင်ယူဖို့ ဘယ်လိုမျိုး စိတ်ကူးထားသလဲလို့ သတင်းသမားတွေက ကလော့ပ်ကို မေးခွန်းထုတ်ခဲ့ကြတယ်။

လီဗာပူးနည်းပြ ကလော့ပ်က “ မန်စီးတီးကို အနိုင်ယူဖို့က မဆိုင်ပါဘူး။ တစ်ရာသီမှာ ပုံမှန် ၂ပွဲပဲ သူတို့နဲ့ တွေ့ရမယ်။ ဒါမှမဟုတ် ဖလားပြိုင်ပွဲတွေမှာပါ ထပ်တွေ့ရရင်တော့ စုစုပါင်း သုံးလေး ငါးပွဲလောက် ဖြစ်သွားတာပေါ့။ အောင်မြင်တဲ့ ရာသီ တစ်ခု ဖြစ်ဖို့ဆိုရင် လိဂ်မှာ ပွဲ ၂၀ ကျော်၊ ၂၅ ပွဲလောက် အနိုင်ယူရပါတယ်။

အနိုင်ရတဲ့ ၂၅ ပွဲထဲမှာ စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး၊ နယူးကာဆယ်၊ စပါး၊ မန်ယူနိုက်တက်တို့ ပါသွားရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ပွဲအများစုကို အနိုင်ရယူနိုင်တဲ့ အသင်းတစ်သင်းကို ဖန်တီးနိုင်လားဆိုရင် ဖန်တီးနိုင်တယ်။ တခြားအသင်းတွေရဲ့ အခြေအနေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ” လို့ ယှဉ်ပြပါတယ်။

လီဗာပူးနဲ့ မန်စီးတီးဟာ လွန်ခဲ့တဲ့ ရာသီတွေအတွင်း ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားခဲ့ပြီး ၂၀၁၇ ကတည်းက ဒီနှစ်သင်းက အင်္ဂလန်လိဂ်ကို ဦးဆောင်လာခဲ့ကြတာပါ။ အဲ့ဒီ့ထဲမှာ လီဗာပူး တစ်ရာသီ ချန်ပီယံဖြစ်ခဲ့သလို စီးတီးက တစ်မှတ်အသာထဲနဲ့ ကျော်ဖြတ်သွားခဲ့တာ ၂ရာသီ ရှိခဲ့ပါတယ်။

အာဆင်နယ် ပေါ်ထွက်လာပြီး၊ နယူးကာဆယ်၊ ယူနိုက်တက်တို့ရဲ့ ခြိမ်းခြောက်လာမှုတွေဟာ လာမယ့်ရာသီ လီဗာပူးအသင်း ပိုမို အာရုံစိုက် ကစားဖို့အတွက် အရိပ်အမြွက် ဖြစ်စေခဲ့ပါတယ်။

“ အမှတ် ၉၀ ကျော်ရတယ်ဆိုတာ လုံးဝ ထူးခြားတယ်။ ဘယ်အသင်းကမှ ဒီလိုအရာတွေကို အပိုင်တွက်ထားလို့မဖြစ်ဘူ။ ထိပ်ဆုံး ၅သင်း၊ ၆သင်း၊ ၇သင်းက ပိုပြီးတော့တောင် အကြိတ်အနယ် ဖြစ်လာတော့မယ် ထင်ပါတယ်။ နောက်နှစ်တွေမှာ ပြိုင်ပွဲက ပိုပြီးတော့တောင် ကျပ်တည်းခက်ခဲလာတော့မှာ။ ဒါပေမယ့် ဖလားတိုက်ပွဲထဲ မင်းပါရင် မင်းလည်း အနိုင်ရနိုင်ခြေ ရှိတယ်လေ” လို့ ကလော့ပ်က ပြောခဲ့တာ ဖြစ်ပါတယ်။