

နည်းပြဟောင်း ဘင်နီတက်စ်က သူ လီဗာပူးကို ကိုင်တွယ်စဉ် ကာလမှာ ကစားသမား အချို့ကို ခေါ်လိုခဲ့ပေမယ့် ကလပ်ဘက်က မခေါ်ပေးနိုင်ခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
လီဗာပူးအသင်းသမိုင်းမှာ ရှုံးထွက်ပွဲတွေအား ကိုင်တွယ်ပုံ ထူးချွန်တဲ့ တစ်ပွဲတိုးနည်းပြအဖြစ် ထင်ရှားခဲ့တဲ့ ဘင်နီတက်စ်ဟာ ၂၀၀၅ မှာ သမိုင်းဝင် ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ လီဗာပူးအသင်းမှာ ကောင်းမွန်တဲ့ ပိုင်ရှင်တွေလက်အောက် နည်းပြခွင့်မရခဲ့ဘဲ ငွေမရှိဘူးဆိုပြီး သူ့စိတ်ကြိုက် ကစားသမား ခေါ်ယူခွင့်တွေကို ဆုံးရှုံးခဲ့ကြောင်း အခုလို ပြောပြလာပါတယ်။
“ တွန်ဟင့်နဲ့ ဂျီလတ်တို့ လက်ထက်မှာ ကျနော်က ဂျိုဗီတစ်ကို ခေါ်ချင်ခဲ့တယ်၊ အဲ့တုန်းက သူ့အတွက် ပေါင် ၁၆ သန်း ပေးရမျာပါ။ အသင်းက ကစားသမား ရောင်းထားတာတင် ပေါင် ၃၄ သန်းလောက် ရှိနေပေမယ့် ဂျိုဗီတစ်ကို ခေါ်ဖို့ ပိုက်ဆံ မရှိခဲ့ဘူး။
ဖီအိုရင်တီးနားနဲ့ ရင်ဆိုင်ကစားပြီး ၂-၀ နဲ့ ရှုံးခဲ့ရာမှာ ဂျိုဗီတစ်က ၂ ဂိုးလုံး သွင်းခဲ့တယ်။ ကျနော်ကတော့ ဒီကစားသမားက လီဗာပူးအတွက် လိုချင်ခဲ့တာလို့ ပြောမိခဲ့ပေမယ့် သူ့ကို ခေါ်ဖို့ ပိုက်ဆံ မရှိခဲ့ပါဘူး။
အာရွန်ရမ်ဆေးတုန်းကလည်း ကျနော်တို့က ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားချိန် ကာဒစ်က အက်ဖ်အေပွဲပြီးအောင် စောင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်ပိုင်းမှာ အာဆင်ဝင်းဂါးက ပေါင် ၅ သန်းပေးပြီး သူ့ကို ခေါ်သွားလို့ ကျနော်တို့ မရခဲ့ဘူး။
ဂါရတ်ဘေလ်းဆိုရင် ဆောက်သမ်တန်က သူ့ခြေစွမ်းကို ကျနော်တို့ စောင့်ကြည့်ခဲ့ပြီး ခေါ်မလို လုပ်နေတုန်းမှာ စပါးက ပေါင် ၈ သန်းပေးပြီး ခေါ်သွားတာမို့ ကျနော်တို့ မရလိုက်ပါဘူး ” လို့ ဘင်နီတက်စ်က ပြောပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဘင်နီတက်စ်လက်ထက်မှာ ပရီးမီးယားလိဂ် အောင်မြင်ဖို့ လက်တကမ်းထိ ရောက်ခဲ့ပြီး ၂၀၀၈-၂၀၀၉ မှာ ရာသီဝက်ချန်ပီယံထိ ဖြစ်ခဲ့ပြီးမှ ယူနိုက်တက်နောက် ၄ မှတ်အကွာဖြင့် ရာသီသိမ်းခဲ့သေးတာ ဖြစ်ပါတယ်။