

အာနယ် ဆလော့ရဲ့ ကိုင်တွယ်တဲ့ စတိုင်နဲ့ ယာဂင်ကလော့ပ်ရဲ့ စတိုင်က အတော်လေး ကွာခြားတယ်လို့ သိရပြီး မတူညီတဲ့ ပုံစံကပဲ အသင်းအတွက် ကောင်းခြင်းတွေဖြစ်လာမယ်လို့ ကစားသမားတွေ ယုံကြည်နေပါတယ်။
ဂယ်ရီနဗီးကတော့ ကလော့ပ် မရှိဘဲ ခေတ်တစ်ခု အပြောင်းအလဲမှာ မကြာခင် လီဗာပူး ကျရှုံးခန်း လာတော့မှာဖြစ်ပြီး ထိပ်ဆုံး ၄ သင်းထဲ မဝင်နိုင်ဘူးလို့ ခန့်မှန်းပါတယ်။
ဟာဗေး ဘလဲလ်ဟာ ပိုစ့်မောက်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ကာ တိုက်စစ်သမားအတွက် လီဗာပူးအသင်းက အကယ်ဒမီကြေး ပေါင် ၃ သိန်းရရှိပါမယ်။
ကာဗာရိုက သူ လီဗာပူးကို နှစ်သက်ကြောင်းနဲ့ အရန်ခုံမှာ မထိုင်ချင်ဘဲ ပွဲကစားခွင့် ရလိုတာကြောင့် အသင်းပြောင်းရတာဖြစ်ကြောင်း စကိုင်းစပေါ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
ယူ-၂၁ အသင်းမှာ ခံစစ်မှူး နယ်လိုဟာ အတော်လေး အလားအလာကောင်းနေပြီး ကွမ်းဆက်လိုပဲ စီနီယာအဆင့်ကို ရောက်ရှိလာနိုင်ကြောင်း အသံထွက်နေပါတယ်။
နည်းပြအာနယ် ဆလော့ဟာ ကွင်းလယ်လူ နိုင်ယွန်နီကို အတော်လေး သဘောကျတာမို့ ၁၇ နှစ်သားလေးဟာ ဒီရာသီ စီနီယာပွဲကစားခွင့်တွေ ရလာဖို့ ရှိနေပါတယ်။
ဗန်ဒန်ဘတ် ထွက်သွားပြီဖြစ်လို့ လီဗာပူးအသင်းဟာ ခံစစ်ပိုင်းကို အာရုံစိုက်လာနိုင်တယ်လို့ The Athletic သတင်းက ဖော်ပြပါတယ်။
လေဗာကူဆင်အသင်းမှ အီကွေဒေါ ခံစစ်မှူး Piero Hincapie ဟာ လီဗာပူး ပစ်မှတ်ဖြစ်ကြောင်း သတင်းထွက်နေပြီး ဘွန်ဒက်လီဂါကလပ်ဟာ ခံစစ်သမားအတွက် ပေါင် သန်း ၅၀ ဝန်းကျင် ရလိုနေတာပါ။
စကိုင်းကတော့ အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးက လီဗာပူးပါလို့ ဖော်ပြပါတယ်။ ဒီနှစ်သင်းကြား အပြောင်းအရွှေ့ တိုက်ရိုက် လုပ်မှုတွေဟာ သမိုင်းမှာတော့ ဖြစ်ခဲလွန်းလှပါတယ်။
ဘယ်အစွန်လူ ကိုစတက်အတွက် အငှားကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က နားထောင်ပေးမယ်လို့ သတင်းတွေ ထွက်နေပြီး အခုချိန်ထိတော့ အသင်းထံက ဘာလှုပ်ရှားမှုမှ မတွေ့သေးပါဘူး။
လီဗာပူးအသင်းဟာ ၂၀၂၁ နောက်ပိုင်း လူငယ်ရောင်းချခြင်းကနေ အကျိုးအမြတ်ကြီးတွေ ပြန်ရလာနေပြီး ဒီနွေမှာ ကာဗာရို၊ ကလက်၊ ဗန်ဒန်ဘတ်တို့ကို ရောင်းချခြင်းကနေ ပေါင် သန်း ၆၀ ကျော် ရရှိထားပါပြီ။