ပရိသတ်တွေ သိပ်မသိပေမယ့် ဒီနွေမှာ လီဗာပူးအသင်း ခေါ်ယူထားတဲ့ ကစားသမားသစ် (၂) ဦး

လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှု အနည်းငယ် ပြုလုပ်ထားပြီး စီနီယာအသင်းကို တိုက်ရိုက်အားဖြည့်ခြင်းထက် အနာဂတ်အတွက် ရည်ရွယ်တဲ့ အင်အားဖြည့်မှုဖြစ်ပါတယ်။

လီဗာပူး ပထမဆုံး ခေါ်ယူခဲ့တာက ချယ်ဆီးအကယ်ဒမီမှ အသက် ၁၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်သမား ရီယို အန်ဂူမိုဟာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ သက်တမ်းအလိုက်မှာ အထက်မြက်ဆုံး တိုက်စစ်သမားလို့ နာမည်ကောင်းရထားကာ သူ့အတွက် ပြောင်းရွှေ့ကြေးက လူငယ်တန်းမှာ မြင့်မားပါလိမ့်မယ်။

ချယ်ဆီးဘက်က သူတို့ အကယ်ဒမီရဲ့ အလားအလာအရှိဆုံးတွေထဲ တစ်ဦးအဖြစ် ရည်ညွှန်းခံထားရတဲ့ အန်ဂူမိုဟာကို ပြည်တွင်းပြိုင်ဘက်ထံ လက်မလွတ်လိုခဲ့သလို ဒီခေါ်ယူမှု ဖြစ်လာခြင်းကို ပြင်းစွာ ဒေါသထွက်ခဲ့ပါတယ်။

ဒါပေမယ့် ကစားသမား ကိုယ်တိုင်က လီဗာပူးကို ပြောင်းလိုတာကြောင့် လုပ်ထုံးလုပ်နည်းတွေအတိုင်း ထွက်ခွာခွင့်ပြုမှာပါ။ ဒီကြယ်ပွင့်လေးကို အကယ်ဒမီနဲ့ ပူးပေါင်းစေဖို့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးချက် ၅ ခုလုံး အောင်မြင်ထားပါတယ်။

ထပ်မံခေါ်ယူဖို့ ပရီးမီးယားလိဂ် စစ်ဆေးချက် အောင်မြင်ခဲ့တာက ဝုဗ်အသင်းမှ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူ အယ်ဗင် အေမန်ဖြစ်ပါတယ်။ သူ့အတွက် လီဗာပူးဘက်က ပေါင် ၂ သန်း ကုန်ကျမှာဖြစ်ပါတယ်။

ဒီကစားသမားတွေကို လီဗာပူးဘက်က ရည်ရွယ်ချက် မြင့်မြင့်မားမားဖြင့် ခေါ်ယူထားတာပါ။ သူတို့နည်းတူ မနှစ်က ခေါ်ထားတဲ့ နိုင်ယွန်နီ၊ နယ်လိုဆိုရင် ဒီရာသီ စီနီယာအသင်းနဲ့ ပုံမှန် လေ့ကျင့်ရေး ဝင်ခွင့်ရနေပါပြီ။

ဒီမျိုးဆက်သစ်တွေဟာ သိပ်မကြာတဲ့ နှစ်အနည်းငယ်အတွင်း လီဗာပူးပရိသတ်တွေကြား ရေပန်းစား နှစ်သက်ရတဲ့ စီနီယာကြီးတွေဖြစ်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။