အန်ဖီးမှာ ဘရန့်ဖိုဒ့်ကို ယှဉ်ပြိုင်ကစားပြီး လီဗာပူးအသင်းဟာ ဆာလာ၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။
နည်းပြသစ် အာနယ် ဆလော့ရဲ့ ပထမဆုံးသော အန်ဖီးပွဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုက ကောင်းမွန်ခဲ့ပါတယ်။ အာနယ်ဟာ ကလော့ပ်ရဲ့ အဓိက လူစာရင်းကိုပဲ အထိုင်မပြောင်းဘဲ ခင်းကျင်းခဲ့ပြီး ကစားဟန်ကို အနည်းငယ် ပြောင်းလဲစေခဲ့တယ်။
ဆိုဘိုစလိုင်ကို တိုက်စစ် ၄ ယောက်ထဲက တစ်ဦးပုံစံ ထားလာကာ တိုက်စစ်ရဲ့ ပင်မ ချိတ်ဆက်သူအဖြစ် ဘောလုံးမရှိချိန်ကော ရှိချိန်မှာပါ ကောင်းကောင်းသုံးခဲ့တယ်။ ကွင်းလယ်အတွင်းပိုင်းမှာ ဂရာဗင်ဘက်ချ်နဲ့ မာကာတို့ကို တွဲပေးထားကာ မာကာကလည်း ဘယ်ခြမ်းကနေ တိုက်စစ်ကို ကောင်းကောင်းလိုက်နိုင်ခဲ့ပါတယ်။
လီဗာပူးကွင်းလယ်ဟာ တစ်ဦးချင်း စီးချင်းထိုးမှုမှာကော ပူးပေါင်းမှုနဲ့အတူ ဘရန့်ဖိုဒ့် ကစားကွက်ကို ဖြတ်တောက်ရာမှာပါ ကောင်းမွန်ပါတယ်။ ကွင်းလယ်ကစားအားကို အများကြီး မြင်ခဲ့ရပြီး ခံစစ်မာကျောဖို့အပြင် တိုက်စစ် အခွင့်အရေးရှာဖွေဖို့အတွက်ပါ အများကြီး ပါဝင်ကူနိုင်စွမ်း ရှိပါတယ်။
အသင်းရဲ့ ပထမဂိုးဟာ ဘရန့်ဖိုဒ့်ရဲ့ ထောင့်ကန်ဘောကို ပထမဆုံး ဟန့်တားချက်က စတင်တာပါ။ ကိုနတေးက ခပ်ဝေးဝေးကို ရမ်းတန်း တိုက်ထည့်လိုက်တာ မဟုတ်ဘဲ ဆာလာရှိနေတဲ့ ဧရိယာကို မှန်းဆက ကောင်တာပြန်စနိုင်ရေး ခပ်ပေါ့ပေါ့ ခေါင်းတိုက်ပေးခဲ့ပြီး အဲ့ကမှ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်ထံက မြိုင်ဆိုင်တဲ့ ကောင်တာကို မြင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူးကွင်းလယ်က ပွဲကို ပိုမို ထိန်းချုပ်ထားနိုင်ပြီး ထရန့်နဲ့ ရိုဘိုတို့ စိတ်ကြိုက်ကို တိုက်စစ်လိုက်ပါခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် ထရန့်ဟာ တိုက်စစ်ထိ ကောင်းကောင်းလိုက်ခွင့်ရသလို ဒီယက်ဇ်၊ ဆာလာ၊ ဂျိုတာတို့ရဲ့ တွဲကစားပုံကလည်း သက်သက်သာသာ ရှိပါတယ်။
အာနယ် ဆလော့ဟာ မလိုအပ်ဘဲ အရမ်းကြီး စွန့်စားတာကို ကြိုက်ဟန် မတူပေမယ့် ကစားသမားတွေရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးမှုကိုလည်း ဟန့်တားပုံ မရပါဘူး။ တစ်ချက်ထိ ပုံစံတွေနဲ့ ပြိုင်ဘက် ဧရိယာအတွင်းထဲမှာ ဆာလာ၊ ဂျိုတာတို့ မွှေကစားခဲ့ကာ ဂျိုတာ ကံခေလွန်းလို့ ဂိုးမရတာပါ။
ဆာလာ ဂိုးသွင်းနိုင်ရေး ဒီယက်ဇ် ဖန်တီးနိုင်ဖို့အတွက် ဘောလုံးကို ကွင်းလယ်က အာရုံစူးစိုက်မှု လုံးဝ မလျော့ခြင်းတဲ့ ဆိုဘိုစလိုင်က ဘောလုံး ပြန်ဆယ်ပြီး ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲဟာ ကလော့ပ် လက်ထက်က ကောင်တာ ပုံစံကို ဆက်မြင်ရသလို အာနယ် ဆလော့ရဲ့ ကိုယ်ပိုင်ဟန်တွေ စတင်မြင်လာရတဲ့ ပွဲပဲ ဖြစ်ပါတယ်။ ကိုနတေးပါတဲ့ ခံစစ်က ပိုကျစ်လစ်ပြီး ဒီနေ့ပွဲ ပွဲထွက် လူစာရင်းကနေ တစ်ဦးဦးကို ဖယ်ထုတ်ဖို့ဆိုတာ ခက်ခဲလောက်အောင် အတွဲအဘက် ညီကြပါတယ်။
ကစားအားကောင်းတဲ့ ဘရန့်ဖိုဒ့်ကို စိတ်ဓါတ်တွေကျစေတဲ့ထိ လီဗာပူးရဲ့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တည်ငြိမ်မှု ကျစ်လစ်မှုတွေ ခိုင်မာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။