စံချိန်တွေစရနေတဲ့ အာနယ် ဆလော့၊ ဘရန့်ဖိုဒ့်နည်းပြရဲ့ ဝန်ခံချက်၊ ဆာလာက ရူးလောက်စရာလို့ အသင်းဖော် ချီးကျူး၊ အေးဂျင့်တွေဖြင့် ချိတ်ဆက်နေခြင်း စတဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘရန့်ဖိုဒ့်နဲ့ပွဲမှာ လီဗာပူးအသင်းဟာ ဘောလုံးပေးမှု ၉၂% တိကျခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ မှတ်တမ်းတွေစယူတဲ့ ၂၀၀၃-၂၀၀၄ ကစမယ်ဆိုရင် လီဗာပူးရဲ့ အကောင်းဆုံး တိကျမှု မှတ်တမ်းဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်နောက်ပိုင်း လီဗာပူးနည်းပြတွေထဲမှာ အာနယ် ဆလော့ဟာ ထိပ်ဆုံး အမှတ်ပေးပွဲ ၂ ပွဲဆက်ကို အနိုင်ရတဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

ဘရန့်ဖိုဒ့်ပွဲအပြီးမှာတော့ လီဗာပူးရဲ့ တိုက်စစ် ၃ ယောက်တန်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးထဲ ပါဝင်ပြီး ဆာလာနဲ့ ဒီယက်ဇ်ဟာ လိဂ်ရဲ့ အထူးချွန်ဆုံး တောင်ပံသမားတွေအဖြစ် ဘောလုံးဝေဖန်ရေးသမားတွေက မှတ်ချက်ပေးကြပါတယ်။

အန်ဖီးမှာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တဲ့ပွဲဟာ အသင်းသမိုင်းမှာ အများဆုံး ပရိသတ် ဝင်ကြည့်ခြင်းအဖြစ် ပရိသတ် ၆၀၁၀၇ ဝင်ရောက်ခဲ့ပြီး အဲထဲမှာ ဂျွန်ဟင်နရီလည်း ပါဝင်ခဲ့ပါတယ်။

အသေးစား ကြွက်သား ဒဏ်ရာရှိနေတဲ့ ကာတစ်ဂျုံးဟာ ယူနိုက်တက်ပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရမယ်လို့ အာနယ် ဆလော့က ပြောပါတယ်။

ထရန့်ကို လူစားလဲခဲ့တာဟာ သူ့ကို တစ်ရာသီလုံး ကြံ့ခိုင်မှုကောင်းကောင်း သုံးနိုင်ဖို့ဖြစ်ပါတယ်။ ဒါကို ကစားသမားဘက်က နားလည်ဖို့ မျှော်လင့်ရမှာပါ။

လီဗာပူးကစားဟန်ဟာ ကလော့ပ် လက်ထက်ကနဲ့မတူ ကွဲထွက်လာကြောင်း ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်က မှတ်ချက်ပေးပါတယ်။

ဗန်ဒိုက်က လီဗာပူးနဲ့ စာချုပ်သစ် သက်တမ်းတိုးလိုတဲ့ သဘောမျိုး ထုတ်ပြလာပါတယ်။ သူကတော့ စာချုပ်ကိစ္စ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါ။

မိုဆာလာဟာ အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ် ပွဲ ၁၂၈ ပွဲ ကစားပြီး ကိုယ်တိုင် ၉၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၃၅ ကြိမ် လုပ်ထားနိုင်ပါပြီ။ အသင်းဖော် အီဘူးကတော့ မိုက နှစ်တိုင်းကို သွင်းနေတာ ရူးလောက်စရာကြီးလို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ပဲလေစ့် ကစားသမား အီဇီကို ခေါ်ယူနိုင်ဖို့ မရှိတာသေချာကြောင်းနဲ့ ပဲလေစ့်ဘက်က သူတို့ ကစားသမားကို ဆက်ထိန်းထားနိုင်ရေး စည်းရုံးမှု အောင်မြင်သွားပြီဖြစ်ကြောင်း အင်္ဂလန်သတင်းထောက်တွေက ဆိုပါတယ်။

ဘာ့ဂျ်ဆဲတစ်ကို အငှားခေါ်ယူဖို့ ကလပ် ၇ သင်းထိ လီဗာပူးကို ချိတ်ဆက်နေပြီး အကောင်းဆုံးဖြစ်မယ့် အသင်းကို ရွေးချယ်သွားမှာပါ။

အပြောင်းအရွှေ့ နောက်ဆုံးရက်ထိ လီဗာပူးကို စောင့်ကြည့်ရပါမယ်။ သူတို့က ကလပ်တွေ၊ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှု လုပ်နေကြဆဲပါ။