ကလော့ပ် လီဗာပူးနဲ့ ဆလော့ လီဗာပူးက ဘာတွေကွာသွားလဲ ဘရန့်ဖိုဒ့်နည်းပြ နှိုင်းယှဉ်

ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က လီဗာပူးအသင်းကို ရှုံးနိမ့်အပြီးမှာ မာဆေးဆိုဒ်အသင်းဟာ ကလော့ပ် လက်ထက်နဲ့ မတူတော့ပါဘူးလို့ မှတ်ချက်ပေးသွားပါတယ်။

ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲကို clean sheet ဖြင့် ထပ်မံ အနိုင်ရခဲ့တဲ့ လီဗာပူးအတွက် ဒီယက်ဇ်နဲ့ ဆာလာတို့က သွင်းဂိုး ကိုယ်စီ သွင်းယူပေးခဲ့တာပါ။

ကလော့ပ် လက်ထက်က လူစာရင်းကို ဆက်ခံထားပြီး လူသစ်မှ မရထားတဲ့ အာနယ် ဆလော့ဟာ နည်းပြဟောင်းရဲ့ အထိုင်ကို ဆက်ထိန်းပြီး နည်းစနစ်ပိုင်းကိုတော့ အပြောင်းအလဲ ပြုလုပ်လာနေပါတယ်။

ဒီအကြောင်းကို သောမက်စ် ဖရန့်က ‘ ကစားသမားတွေက တူတူပါပဲ။ သူတို့က ၈ နှစ် ၉ နှစ်လောက်ကို တူညီတဲ့ နည်းလမ်းနဲ့ ကစားခဲ့ကြသူတွေပါ။ အားလုံး မဟုတ်ပေမယ့် ကစားသမား အတော်များများက အတူတူ နှစ်ရှည် တွဲကစားလာတာပါ။

သူတို့တစ်သင်းလုံးမှာ ရူးလောက်တဲ့ အရည်အချင်းတွေ ရှိနေဆဲပါ။ တိုက်စစ်ပိုင်း အသွင်ပြောင်းမှုမှာ သူတို့က ကြောက်စရာကောင်းနေဆဲဖြစ်ပါတယ်။ သူတို့ ဂိုးလည်း ၂ ဂိုး ရခဲ့ပါတယ်။

ဖွဲစည်းမှုမှာ သူတို့ အရင်ပုံစံနဲ့ အနည်းငယ် ကွာခြားသွားပါတယ်၊ build up play ပိုင်းတွေမှာတော့ ကြီးကြီးမားမား ပြောင်းလဲသွားပါတယ် ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ နည်းပြအာနယ် ဆလော့ လက်ထက်မှာ ဒတ်ချ်ကစားဟန်လို့ ဆိုရမယ့် ပိုင်ဆိုင်မှု အသားပေးစနစ်ကို အသွင်ပြောင်းလာပြီး တိုက်ရိုက် ကစားဟန်နဲ့ ပေါင်းစပ်ထားတာပါ။

ဒီစနစ်ဟာ လက်တလောမှာ အလုပ်ဖြစ်နေကာ မန်စီးတီး၊ အာဆင်နယ်အပြင် ချန်ပီယံလိဂ် ပွဲကြီးတွေမှာပါ တောက်ပနိုင်မလား စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။